တစ်သက်တာစာပေဆုရှင်ဆရာကြီး မောင်ပေါ်ထွန်း(ခ) ဦးခင်မောင်စိုးသည် ယနေ့ ၂၀၂၂ခုနှစ် သြဂုတ်လ ၁၃ရက်နေ့ မနက် ၉ နာရီ ၄၅မိနစ်တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ တောင်ဥက္ကလာပ ၁၀ရပ်ကွက် ဇေယျာ(၈)လမ်းရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း မိသားစုဝင်များက ပြောကြားသည်။
ကွယ်လွန်ချိန်တွင် အသက် ၈၈နှစ် ရှိကာ ဆရာကြီးသည် အလင်္ကာဘွဲ့ရသူ စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

စာရေးဆရာကြီးမောင်ပေါ်ထွန်း (၈၈ နှစ်) ၏ အမည်ရင်းမှာ ဦးခင်မောင်စိုးဖြစ်ကာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ရေမျက်ဝရွာတွင် အဖ ပန်းချီပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိဒေါ်အေး တို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဇနီးဖြစ်သူမှာ ဒေါ်ငြိမ်းရှင်ဖြစ်ပြီး သားသမီး(၅)ဦးထွန်းကားခဲ့သည်။
ဆရာကြီးသည် ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပြီး အလွတ်ပညာကျောင်းတက်ကာ လှေ ကာ်မာရှယ်ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆုရခဲ့သည်ဟုသိရသည်။ယင်းနောက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌ ခုနစ်နှစ်အရွယ် သမီးငယ် (Seven Year Old Girls) ရုရှားပုံပြင် ဘာသာပြန်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်ဟုသိရသည်။
ယင်းအပြင် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ကြိုကြား ကြိုကြား ရေးသားခဲ့သေးပြီး စာအုပ်လောက စာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီ မဂ္ဂဇင်းနှင့် စီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်ဟုသိရသည်။
ဆရာကြီးသည် နိုင်းမြစ်ဝှမ်းမှတော်လှန်ရေး၊ ကျွန်မချစ်တဲ့ ဆူကာနို၊ ပင်တဂွန်၊ ယက်ဖ်တူရှင်ကို၊ မောင့်ဘက်တန်နှင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကဲ၊ ကျေရာကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြအရောင်းသမား၊ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ၊ စံပြ ခေါင်းဆောင်မှု၊ ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး၊ မဟာဒီလှိုင်း၊ အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်သဒ္ဒါကျမ်း၊ ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ၊ ကန္တာရ စမ်းရေအိုင် စသည့် ဘာသာပြန်လုံးချင်း စာအုပ်ပေါင်း ၅ဝ ခန့် ပြန်ဆိုထုတ်ဝေခဲ့သည်ဟုသိရသည်။