၁၅ နိုဝင်ဘာ၊၂၀၂၃
ကယားပြည်နယ်၊လွိုင်ကော်မြို့ထဲက ပိတ်မိနေတဲ့စစ်ရှောင်ပြည်သူအချို့ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တွေကိုစစ်ရှောင်လာကြလို့အကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။
ရှမ်းပြည်နယ်က၊ညောင်ရွှေ၊ပင်လောင်း၊ ဆီဆိုင် ဘက်ကို သည်ကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် (၆)နာရီခန့်ကစတင်ပြီးတိမ်ရှောင်နေကြရတာဖြစ်ပါတယ်။
” အိမ်လခစျေးတက်မှာတို့ စစ်ရှောင်တွေမို့မငှားချင်တာတို့မလုပ်ပါနဲ့လို့ပြောချင်ပါတယ်၊ ဘယ်လောက်ကြာမယ်မှန်းမသိတော့ အိမ်ငှားမယ်လို့စိတ်ကူးထားတယ် “လို့စစ်ရှောင်လာသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၁)ရက်နေ့မှစပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်တပ်တို့လွိုင်ကော်မြို့မှာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။


လွိုင်ကော်မြို့ထဲပိတ်မိနေတဲ့ ပြည်သူတွေနဲ့အတူ UNဝန်ထမ်းတွေ၊ NGO တံဆိပ်တပ်ထားတဲ့ ကားတွေရှမ်းပြည်တောင်ပိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
လွိုင်ကော်မြို့ထဲတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတာပြီး ပိတ်မိနေတဲ့ ပြည်သူများ အများ အပြားလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ထဲစစ်ရှောင်လာတဲ့ပြည်သူတွေအိမ်ငှားပါက အကျိုးဆောင်ခမယူကြဖို့၊စစ်ရှောင်လာသူတွေကိုကူညီကြဖို့ မြို့ခံတွေအချင်းချင်းတိုက်တွန်းထားပါတယ်။
“ကိုယ့်အသိစိတ်နဲ့ကိုယ် လျှော့သင့်တာလျှော့ပေး ညှိလို့ရတာညှိပေး ကြဖို့ အကူအညီတောင်းပါတယ် စရံကိုလည်း ၆လတင်မှ ရမယ် ဘာညာတွေလည်း မလုပ်ကြပါနဲ့လို့ အခက်အခဲဖြစ်နေကြတာပါရှင့် ကူညီနိုင်တာလေးကူလိုက်ကြပါရှင့်”လို့တောင်ကြီးမြို့ခံတဦးက ပြောပါတယ်။