စစ်ဘေးရှောင် ဆီဆိုင်ဒေသခံတွေ နေရပ်ပြန်ဖို့ပြင်

၂၉ ဧပြီ၊၂၀၂၄

တိုက်ပွဲဖြစ်လို့ ၃လ ကျော်ကြာ ရှောင်ပြေးခဲ့ရတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့က ဒေသခံပြည်သူတွေဟာ ဒီရက်ပိုင်းမှာပဲ နေရပ်ကို ပြန်လည်နေထိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကြောင့် မြို့ရဲ့၈၀ရာနှုန်းကျော်ဟာ ပျက်စီးခဲ့တာပါ။

” အိမ်တွေသန့်ရှင်းရေးပြန်လုပ်ကြသူတွေရှိတယ် ။အချို့ရပ်ကွက် ကမိုင်းတွေမရှင်းလင်းရသေးတော့ နေဖို့ကြောက်နေကြသေးတယ်။ပြန်နေလို့ရပီဆိုလဲ သက်ဆိုင်ရာတွေက သတင်းထုတ်ပြန်သင့်တယ်”လို့ ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။

ဆီဆိုင်မြို့ ပေါ် ရပ်ကွက်တွေ ဖြစ်တဲ့၊ ဟော်တောင် ဟော်မြောက် ဘုရားဖြူ ကျေးရွာတို့မှာ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများ ရှိနေကြပြီး သောက်သုံးရေကအစ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်ကြီးက ရဟန်းသံဃာ (၅)ပါး ဖေဖော်ဝါရီ၂၈ရက် နေ့က စာသင်တိုက်ကြီးကို ပြန်လည်ကြွရောက်သီတင်းသုံးနေကြပြီဖြစ်ကြောင်းသိရှိရပါတယ်။

“တကယ်လို့ပြန်နေလို့ရမယ်ဆိုလဲ မိုင်းသေချာရှင်းလင်းပြီးမှပြန်နေကြပါ။မပေါက်ကွဲသေးတဲ့ မိုင်းတွေရှိရင်သက်ဆိုင်ရာကို အကြောင်း ကြားပီးမှနေကြတာကောင်းတယ်။ရေမီးမရသေးရင်နေဖို့မလွယ်သေးဘူး။အဲလိုမပေါက်ကွဲသေးတဲ့ အရာတွေနေရာအနှံ့မှာရှိနေမှာပါ။ပြန်တာလဲပြန် မမြင်နိုင်တဲ့အန္တရာယ်ကိုလည်းဂရုစိုက်ကြပါ။”လို့ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။

ဆီဆိုင်မှာ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက တဖက်၊ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်( PNLA) နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက တဖက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *