စစ်ကိုင်းကနေ မန္တလေးမြို့တွင်း ဆွမ်းခံကြွရင်း ဆဲဆိုတတ်တဲ့ ကိုရင်ကြီးတစ်ပါးကို သာ/ထိန်းအဖွဲ့က ခေါ်ယူဆုံးမ သတိပေးခဲ့ရ

စစ်ကိုင်းမြို့ဘက်ကနေ မန္တလေးမြို့တွင်းဆွမ်းခံကြွရင်း ဆဲဆိုတတ်တဲ့ ကိုရင်ကြီး တစ် ပါးကို ချမ်းအေးသာစံမြို့နယ်သာသနာထိန်းသိမ်းရေးအဖွဲ့က ဇူလိုင်လ၁၇ရက်နေ့မနက်ပိုင်းက ခေါ်ယူဆုံးမသတိပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ်အတွင်းလွန်ခဲ့တဲ့၁၀ရက်ခန့်မှစတင်ပြီး သင်္ကန်း ဝတ်ပုဂ္ဂိုလ်တစ်ဦးဟာ နေအိမ်တွေ ဆွမ်းခံ ကြွရင်း ဆွမ်းဟင်းမလောင်းလှူသူတွေ၊ ဆွမ်းဟင်းလောင်းပေမယ့် ဆွမ်းဟင်း ကောင်း မလောင်းလှူသူတွေကို ဆဲရေး လေ့ရှိပြီး ဒီလောက် သဒ္ဓါတရား နည်းပါး ရသလား၊ လောင်းလှူတဲ့ဟင်းတွေ ဒီနား တင် စွန့်ပစ်လိုက်ရမလား စတဲ့ သာသနာ ကြည်ညိုပျက်စေမယ့် စကားတွေနဲ့ ပြော ဆိုလေ့ရှိတာကြောင့် သာ/ထိန်းအဖွဲ့ကို တိုင်ကြားလာခဲ့ပါတယ်။

သာ/ထိန်းအဖွဲ့ကနေ အဆိုပါ သင်္ကန်းဝတ်ပုဂ္ဂိုလ်ကို ခေါ်ယူပြီး စစ်ဆေးလိုက်တဲ့အခါကိုရင်ကြီးတစ်ပါးဖြစ်နေပြီး စိတ်ကျန်းမာရေးအနည်းငယ်ချွတ်ယွင်းချက်ရှိနေတာကို တွေ့ရှိရတဲ့အပြင် ခန္ဓာကိုယ်အနှံ့ တက်တူးများကို ထင်ရာ ထိုးထားပြီး စစ်ကိုင်းမြို့၊ ပိုးတန်းရပ်၊ထူပါရုံသိမ်ကျောင်းမှာနေကြောင်း၊ အစပိုင်းမှာ ရဟန်းဝတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုရင်ကြီးဘဝနဲ့နေကြောင်း၊ အထက်ပါတိုင်း ပြောဆို ဆဲရေးမိတာ မှန်ပါ ကြောင်း ဝန်ခံ လျှောက်ထားလာတာကြောင့် သာ/ထိန်းအဖွဲ့က ဆရာတော်တွေက နောက် နောင် ရှောင်ကြဉ်နိုင်လောက်အောင်ထိ ဆုံးမကြပြီး နောက်နောင်အချိန်များမှာ မန္တလေးမြို့တွင်း ဆွမ်းခံမလာဖို့၊ အကယ်၍ လာခဲ့လို့ တွေ့ရှိခဲ့လျှင် ဒီထက်ပိုပြီး ဆုံးမမှု ခံယူရလိမ့်မည်ဖြစ်ကြောင်းတို့ကို သတိပေးဆုံးမပြီး နေရပ်ကိုပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *