စက်တင်ဘာလထဲက  အီရန်ဆန္ဒပြပွဲတွေမှာ  အနည်းဆုံး ကလေး ၂၃ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ထုတ်ဖော်ပြောဆို

လွတ်ငြိမ်းချမ်းသာခွင့်ကော်မရှင်က ဖော်ပြထားတဲ့ သေဆုံးသွားတဲ့ ကလေး ၁၉ယောက်
Photo Credit: Amnesty International

တီဟီရန်၊ အောက်တိုဘာ ၁၄

ပြီးခဲ့တဲ့ လ စက်တင်ဘာလထဲက အီရန်နိုင်ငံမှာ  ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲနှိမ်နင်းဖြိုခွဲခဲ့တဲ့  ဖြစ်စဥ်တွေထဲမှာ ကလေးငယ် နှစ်ဒါဇင်နီးပါး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာအသစ်အရ နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အဓိက ပစ်မှတ်ထားဖြိုခွင်းခဲ့တဲ့  လူငယ်တွေဟာ “လုံးဝ အပြစ်ကင်းစင်တယ်” လို့ လည်း ထည့်သွင်းဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၃ရက် ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့  စာမျက်နှာ ၁၉ မျက်နှာပါ တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ရဲ့ အစီရင်ခံစာမှာ စက်တင်ဘာ ၁၀ ရက် တစ်ရက်တည်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နှိမ်နင်းသတ်ဖြတ်လို့ အနည်းဆုံး ကလေး ၂၃ ဦး သေဆုံးခဲ့ရပြီး တချို့ကလေးတွေဆိုရင်  အသက် ၁၁ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

အီရန်နိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အစ္စလမ္မစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေက မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့တဲ့လ စက်တင်ဘာက ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက်၂၂နှစ်အရွယ် မိန်းကလေး မာရှာ အာမီနီ သေဆုံးခဲ့တဲ့ ဖြစ်စဥ်အပေါ်လက်မခံနိုင်ကြဘဲ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ လူငယ်လေးတွေနဲ့ အာဏာပိုင်တွေကြားတင်းမာမှုတွေ ဖြစ်ပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့လို့ အများအပြားသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

အခုလို့ ဆန္ဒပြတာဟာ အစ္စလမ္မစ်သမ္မတနိုင်ငံစနစ်ကိုဆန့်ကျင်တဲ့ လူထုအုံကြွမှုလို့ အာဏာပိုင်တွေက စွပ်စွဲပြစ်တင်ပြီး  လမ်းမပေါ်က  ကလေးသာသာ ဆန္ဒပြသူတွေကို တိုက်ခိုက်ဖြိုခွင်းခဲ့တယ် လို့သတင်းတွေက ဆိုပါတယ်။

ဖြိုခွင်းခံရတဲ့ အထဲက ယောကျ်ားလေး ၂၀ဟာ အသက် ၁၁နှစ်နဲ့ ၁၇အရွယ်ကြားရှိကြပြီး ၁၆နှစ်နဲ့ ၁၇ကြားအရွယ် မိန်းကလေး သုံးယောက်လည်း ပါတယ်လို့ သိရပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့ ကလေးသူငယ်လေးတွေရဲ့ ထက်ဝက်နီးပါးက  လူနည်းစုအုပ်စုဝင်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် ကိုတော့ “သွေးစွန်းသောသောကြာနေ့” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေက ဖော်ပြခဲ့ကြ ပါ တယ်။

Ref:  CNN

မြို့တော် တီဟီရန် လမ်းမပေါ်က ဆန္ဒပြပွဲ တစ်ခု
 Photo Credit: AFP/Getty Images
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *