နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၂၃ ဇူလိုင်၃၁ရက်တွင် ဗဟိုဘဏ်သည် ထုတ်ဝေမည်ဖြစ်သည်။
ထိုသို့ထုတ်ဝေမည့်အကြောင်း ဇူလိုင်၂၃ရက် မနက်တွင် ကြေညာလိုက်ရာ ငွေရေးကြေးရေးစျေးကွက်အတွင်း၊အိမ်ခြံမြေကားနှင့်ရွှေ၊လူသုံးကုန်အပါအဝင်စားသောက်ကုန်နှင့်ကုန်စည်စျေးကွက်များ၌ ရိုက်ခတ်မှုရှိသွားကြသည်။
ငွေကျပ်နှစ်သောင်းတန်ကိုလာမည့်ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ဒေါ်လာစျေး၊ ရွှေစျေး၊ ကားစျေး၊ မြေစျေးများ တက်ကုန်သည့်ကိစ္စနှင့်ပတ်သက်၍ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက အချက်သုံးချက် သုံးသပ်ရှင်းပြခဲ့သည်။
ကျပ်နှစ်သောင်းတန်ငွေစက္ကူမှာ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းသာဖြစ်ပြီးအကန့်အသတ်သာဖြစ်ကြောင်း၊ကျပ်နှစ်သောင်းတန်မှာ ပြည်သူလက်ထဲရှိပြီးသားငွေကိုသာလဲပေးမည်ဖြစ်သည့်အတွက် ယင်း ငွေစက္ကူ ထုတ်ဝေမှုကြောင့်ဈေးတက်ရန်အကြောင်းမရှိကြောင်း၊ရန်ကုန်နှင့်မန္တလေးတို့တွင် လက်ရှိသုံးနေသောငွေစက္ကူထဲက သုံးစွဲရန် မသင့်တော်တော့သည့်ဟောင်းနွမ်းစုတ်ပြဲငွေစက္ကူအဟောင်းများကို နှစ်သောင်းတန်အသစ်ဖြင့်လဲပေးမည်သာဖြစ်ကြောင်း ပြောပြသည်။
” အမှတ်တရသိမ်းချင်သူတွေကိုလဲလှဲပေးမယ်။ ဒါပေမဲ့ တစ်ယောက်ကိုသုံးရွက်ပဲ အထိမ်းအမှတ်အနေနဲ့လဲပေးမယ်။ ဒီတော့ပြည်တွင်းမှာ လှည့်လည်စီးဆင်းနေတဲ့ငွေထဲကို ကျပ်နှစ်သောင်းတန်တွေက ထပ်ဖြည့်ထည့်တာမဟုတ်တဲ့အတွက် ကျပ်နှစ်သောင်းထုတ် မှာအကြောင်းပြပြီး စျေးတက်စရာမရှိဘူး။ ဒါတွေကဝိသမလောဘသမားတွေ စျေးကစားတာပဲဖြစ်တယ်”ဟု ယင်းကပြောသည်။
တစ်ဖက်တွင်မူ ငွေရေးကြေးရေးစျေးကွက်အတွင်း၊အိမ်ခြံမြေကားနှင့်ရွှေ၊လူသုံးကုန်အပါအဝင်စားသောက်ကုန်နှင့်ကုန်စည်စျေးကွက်များ၌ ရိုက်ခတ်လျှက်ရှိသည်။
“အပြင်မှာတော့ တော်တော်လေး ရိုက်ခတ်နေကြပြီ။စိုးလည်းစိုးရိမ်နေတယ်။ကုန်စျေးနှုန်းက နဂိုထဲက တက်နေတာလေ။ကားစျေး၊အိမ်စျေးဆိုတာကလည်း လိုက်မမှီတော့ဘူး”ဟု ပြည်သူတစ်ဦးကပြောသည်။
ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူ များထုတ်ဝေခြင်းကြောင့် ငွေကြေး ပမာဏတိုးတက်ရန် လုံးဝ အခြေအနေ မရှိကြောင်း၊ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ လည်းကောင်း၊ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်းနှင့် ယခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေခြင်းကို အကြောင်းပြုပြီး ကုန်စည်ဈေးနှုန်း ကစားကာ မဟုတ်မမှန်သော နည်းလမ်းဖြင့် အကျိုးအမြတ်ရယူခြင်းများ၊ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူများသည်ပြည်သူအများ၏ အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ၎င်းတို့အား ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဆက်ပြောသည်။