တိုကျို၊ စက်တင်ဘာ ၈
တရုတ်နိုင်ငံကို ဒေါသထွက်စေခဲ့တဲ့ ဖူကူရှီးမားမနျူကလီးယားစက်ရုံရဲ့ သန့်စင်ထားတဲ့ရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ် တဲ့ လုပ်ငန်းပထမအဆင့်ဟာ စီစဉ်ထားတဲ့အတိုင်း စက်တင်ဘာ ၁၁ ရက် တနင်္လနေ့မှာ ပြီးဆုံးမှာ ဖြစ်တယ်လို့ နျူကလီး ယားစက်ရုံ အော်ပရေတာက ပြောဆို လိုက်တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ စက်ရုံအနီးတစ်ဝိုက်က စမ်းသပ်ထားတဲ့ ပင်လယ်ရေနမူနာတွေမှာ ရေဒီယိုသတ္တိကြွ ထရီတီယမ်ပမာဏဟာ ဘေးကင်းတဲ့ သတ်မှတ် ကန့်သတ်ချက်တွေအတွင်းမှာ ရှိနေတဲ့အကြောင်း စက်တင်ဘာ၇ရက် ကြာသပတေးနေ့နှောင်းပိုင်း ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
၂၀၁၁ ခုနှစ် ဆူနာမီ ကြောင့် စက်ရုံ ပျက်ဆီးသွားပြီးတဲ့နောက် စုဆောင်းထားတဲ့ ရေဆိုးတန်ချိန် ၁ ဒသမ ၃၄ သန်းထဲက တချို့ကို ပစိဖိတ်သမုဒ္ဒရာထဲကို ဂျပန်နိုင်ငံက သြဂုတ် ၂၄ ရက်က စစွန့်ပစ်နေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၁ ရက်အရောက်မှာတော့ ရေတန်ချိန် ၇,၈၀၀ ထုတ်လွှတ်မှု ပထမအဆင့် ပြီးဆုံးမှာ ဖြစ်တယ်လို့ ဂျပန်ကုမ္ပ ဏီTEPCO က ထုတ်ပြန်ကြေညာခဲ့ပေမယ့် ဒုတိယရေလွှတ်မှု စတင်မည့်ရက်ကိုတော့ ထုတ်ပြန် ကြေငြာထားတာ မရှိသေး ဘူးလို့ ဆိုပါတယ်။
“ပထမအကြိမ် စွန့်ထုတ်မှာ ပြီးစီးပြီးတဲ့ နောက်၊ ရေဖြန့်/စွန့်ထုတ်တဲ့ စက်ရုံတစ်ခုလုံးကို ထပ်စစ်ဆေးမှာ ဖြစ်သလို စစ် ဆေးပြီး ပထမအကြိမ် စွန့်ပစ်မှုမှ လုပ်ငန်းလည်ပတ်မှု မှတ်တမ်းတွေကိုလည်း ပြန်စစ်ဆေးမယ်” ဆိုပြီး ကုမ္ပဏီက ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာအညွှန်း။ ဖူကူရှိးမား နျူကလိးယားစက်ရုံဟောင်းက သန့်စင်ပြီး ရေဆိုးတွေ စွန့်ထုတ်နေပုံ
Feature Image Credit: Shohei Miyano/Kyodo News via AP, File