တိုကျို၊ ဒီဇင်ဘာ ၁၉
ရာသီဥတုပြောင်းလဲမှု အရင်းခံကြောင့် ဂျပန်နိုင်ငံမှာ လူတွေကို ဝက်ဝံတွေရဲ့ တိုက်ခိုက်ခံရမှုတွေက တစ်နှစ်ထက် တစ်နှစ် တိုးလာနေတယ်လို့ သိရပါတယ်။
အသက် ၅၇နှစ်အရွယ် ဆိုင်ရှီ ဆတို ဆိုသူတစ်ယောက်လည်း မကြာသေးခင်က ဂျပန်နိုင်ငံမြောက်ပိုင်း က တောအုပ် တစ်ခု မှာ လမ်းလျှောက်နေတုန်း ချုံပုတ်တစ်ခုထဲကနေ ထွက်လာတဲ့ အာရှဝက်ဝံနှစ်ကောင် အနက် တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
သူဟာ တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ လက်မောင်းနဲ့ ပေါင်နေရာတွေမှာ ဒဏ်ရာရခဲ့ပါတယ်။
ဆတိုဟာ ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်ခံရမှု စံချိန်တင်နှစ်မှာ အသက်ရှင်ကျန်ရစ်သူ အနည်းဆုံး ၂၁၂ ဦးထဲမှာ တစ် ယောက်အပါအဝင်လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၃ခုနှစ်မကုန်သေးပေမယ့် အခုနှစ်က ၂၀၂၂ခုနှစ်က တိုက်ခိုက်ခံရတဲ့ ၁၅၈ကြိမ်ကို ကျော်သွားခဲ့ပြီလို့ ဌာန ကဆိုပါတယ်။
ဂျပန်မှာ “ကူမာ” လို့ ခေါ်ကြတဲ့ ဝက်ဝံတွေကို မြင်တွေ့ရတာ အထူးအဆန်းမဟုတ်ပါဘူး။ သူတို့ဟာ ယေဘုယျအားဖြင့် တောင်တန်းတွေ၊ စိမ်းလန်းစိုပြေတဲ့ ချုံပုတ်တွေနဲ့ ကြည်လင်တဲ့ မြစ် အနီးတစ်ဝိုက်မှာ ကျက်စားလေ့ရှိပြီး ပဲစေ့၊ အသီး အနှံ နဲ့ အင်းဆက်ပိုးမွှားတွေက သူတို့ရဲ့ အစားအစာတွေ ဖြစ်ပါတယ်။
အခုချိန်မှာတော့ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကြောင့် ဂျပန်နိုင်ငံက ဝက်ဝံတွေဟာ သူတို့ရဲ့ မိရိုးဖလာ နေထိုင်ရာ နေရာ စားကျက်တွေမှာ အစားအစာ ရှားပါလာလို့ အစာရှာဖို့ မြို့ပြဒေသတွေကို ရောက်လာပြီး လူသားတွေနဲ ထိပ်တိုက် တိုးခဲ့ကြရတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ဒီနှစ်မှာ ဝက်ဝံတွေဟာ သူတို့ရဲ့ အိမ်အကွာအဝေးကို ချဲ့ထွင်လာပြီး အစာရှာဖို့ လူတွေရဲ့ အခြေချနေထိုင်ရာ အနီးနားက ဒေသတွေဆီ ဆင်းလာကြတယ်” လို့လည်း ဝက်ဝံတွေအကြောင်းလေ့လာနေတဲ့ နာဂိုယာတက္ကသိုလ်က ပါမေက္ခ နီဂါတာက ပြောပါတယ်။
Ref: CNN
ပုံစာ။ ဝက်ဝံအန္တရာယ် သတိပေးထားတဲ့ လက်ကမ်းစာရွက် တစ်ခု
Feature Image credit: Kyodo News Stills/Getty Images/File



