၁၂ အောက်တိုဘာ၊၂၀၂၃
ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၃ရက်ကမှ မြန်မာကိုနောက်ဆုံး လာသွားခဲ့သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လည်းဖြစ်သည့် မစ္စတာဆာဆာကာဝါသည် မြန်မာသို့ နောက်တစ်ခေါက်ထပ်မံလာဖို့ ရှိနေသည်။
သူနှင့်အတူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်လည်း ပါမည်ဖြစ်ကာ အတူသွားကြမည့်အကြောင်းကို မစ္စတာဟွန်ဆန်ဘက်က ထုတ်ပြောလာခြင်းဖြစ်သည်။
ကမ္ဘောဒီးယားကိုရောက်ရှိနေသည့် မစ္စတာဆာဆာကာဝါသည် မစ္စတာဟွတ်ဆန်ကို မြန်မာအခြေအနေမှန်ပေါ်ရောက်အောင် အဓိကနေရာမှပါဝင်ပေးရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်ဟု ဆိုသည်။

မြန်မာသို့ နှစ်ဦးသား လာမည့်ရက်ကို မူ အတိအကျမသိရသေးပေ။
မစ္စတာဟွန်ဆန်သည် မြန်မာနှင့်မစိမ်းသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ နှစ်ဆန်းပိုင်းက တစ်ခေါက်လာခဲ့သေးသူဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံပြီး အဖြေရှာမှပဲ ရလဒ်က ကောင်းနိုင်မယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရသူမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတစ်ဦးတည်းသာရှိနေသေးသည်။
တရုတ်၊ဂျပန်နှင့်ကမ္ဘောဒီယားကိုယ်စားလှယ်အပါအဝင် မည်သည့် နိုင်ငံတကာသံတမာန်တစ်ဦးတစ်ယောက်နှင့်မျှ ဒေါ်အောင်ဆန်းစုကြည်ကို ပေးမတွေ့သေးပေ။
မြန်မာ ဘက်က အမှုရင်ဆိုင်နေဆဲအခြေအနေဖြစ်၍ ပေးမတွေ့ဖြစ်ဟု ဆိုခဲ့ဖူးရာ ယခု အမှုအားလုံးပြီးပြတ်သွားပြီဖြစ်၍ ကိုယ်စားလှယ်၂ဦးပူးတွဲလာမည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ချေများမည်ဟု သုံးသပ်ချက်များလည်းထွက်ပေါ်နေသည်။
ဂျပန်နိုင်ငံရေးသမားနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့ မြန်မာအရေး ကြားဝင်ဖို့ ကြံစည်နေမှုအပေါ် အာဆီယံအပါအဝင် နိုင်ငံတကာက အကဲခတ်စောင့်ကြည့်နေလျှက်ရှိသည်။