ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက် ထားမှုအကူအညီအဖြစ်ဒေါ်လာသန်း၆၀ထပ်ပေးဖို့အတည်ပြု

တိုကျို၊ ဖေဖေါ်ဝါရီ ၂၈

ဂျပန်နိုင်ငံက  မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေနဲ့ အမေရိကန် ဒေါ်လာ  ၆၀ ဒသမ ၃ သန်း  ထပ်ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မှာ မြန်မာစစ်တပ်က အာဏာလွဲပြောင်းရယူ လိုက်ပြီးတဲ့နောက်ပိုင်း  ဂျပန်နိုင်ငံ က မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ ၄၇ သန်း ကို ပေးအပ် ခဲ့ပြီးဖြစ်လို့ အခုအကြိမ်ဟာ ဒုတိယအကြိမ် ပေးတဲ့အကူအညီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကစပြီး တစ်စတစ်စ ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ တွေ မြန်မြန်ဆန်ဆန် ပိုပြီး လိုအပ်လာနေတာမို့  တိုကျိုက လူသားချင်းစာနာထောက်ထားမှု အကူအညီ စုစုပေါင်း ဒေါ်လာ ၆၀ ဒသမ ၃ သန်းကို ထပ်ပေးသွားမယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အခုပေးအပ်မယ့် ဒုတိယအကြိမ် အကူညီတွေကိုတော့ UNHCR၊ UNICEF၊ WFP နဲ့  သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) စတာတွေ အပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းတွေက တဆင့် ထိခိုက်ခံစားရသူတွေကို ထောက်ပံ့ကူညီသွားမယ်လို့လည်း သိရပါတယ်။

လှုဒါန်းမယ့် အကူအညီတွေထဲမှာ “အစားအသောက်၊ ဆေးပစ္စည်းနဲ့ အမိုးအကာတွေအပြင် ရေနဲ့ မိလ္လာဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ အာဟာရမြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ပညာသင်ကြားခွင့်နဲ့ တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအမံတွေကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်”လို့ ဂျပန်ဘက် က ပြောပါတယ်။

၂၀၂၁  ဖေဖေါ်ဝါရီ ၁ရက် ကစပြီး” မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ ကြုံနေရဆဲဖြစ်ပြီး ရလဒ် အနေနဲ့ကတော့ မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက ပိုဆိုးလာနေပါတယ်” လို့ ဂျပန်အနေနဲ့ မှတ်ချက်ပြုပါတယ်။

ပြည်တွင်းမှာပဲ ရွှေ့ပြောင်းနေထိုင်နေကြရတဲ့ သူတွေ အပါအဝင် မြန်မာလူမျိုး ၁၇ဒသမ ၆ သန်း အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေကြောင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထား တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ဂျပန်နိုင်ငံဟာ  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ NGO တွေက တစ်ဆင့် မြန်မာနိုင်ငံကို လူသား ချင်း စာနာ ထောက်ထားမှုအကူအညီ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော် ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံပြည်သူတွေကို တိုက်ရိုက်အကျိုး ပြု ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

ဂျပန်နိုင်ငံအနေနဲ့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ကို လုံခြုံစိတ်ချရပြီး အတားအဆီးမဲ့ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း  တက်တက်ကြွကြွနဲ့  ပံ့ပိုးပေးသွားမယ့် ဆိုတဲ့အကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်တယ် သိရပါတယ်။

Ref: AA News Agency (ASIA PACIFIC)

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *