ဂါဇာ၊ နိုဝင်ဘာ ၂၆
ဂါဇာဒေသ အပစ်ရပ်ဆဲခဲ့တဲ့ ဒုတိယနေ့ နိုဝင်ဘာ ၂၅ရက် အရောက်မှာ အစ္စရေး ၁၃ ယောက်နဲ့ ထိုင်းနိုင်ငံသား လေးယောက်ကို ဟားမတ်စ်ဘက်က လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
အီဂျစ်နဲ့ကာတာတို့ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ဒီအပစ်ရပ် အစီအစဥ်ရလဒ်ကို ရခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီချက်အရ အစ္စရေးဘက်ကလည်း ထောင်တွေထဲက ပါလက်စတိုင်း အကျဥ်းသား ၁၅၀ အထိလွှတ်ပေး ဖို့ရှိ နေတယ်လို့ သိရပါတယ်။
စနေနေ့နှောင်းပိုင်းမှာ ဟားမတ်စ်တို့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို နိုင်ငံတကာ ကြက်ခြေနီကော်မတီဆီကို လွှဲပြောင်း ပေးပြီးတဲ့နောက် ဓားစာခံတွေဟာ ဂါဇာကထွက်ခွာပြီး ရာဖာနယ်စပ်ဖြတ်ကျော်ကာ အီဂျစ်ဘက်ခြမ်း ကို ကူးသွားတဲ့ ဗီဒီယို တွေလည်း ရုပ်မြင်သံကုားလိုင်တွေမှာ ပြသခဲ့ပါတယ်။
လွတ်မြောက်လာတဲ့၁၃ ယောက်ထဲမှာ ခြောက်ယောက်က အမျိုးသမီးတွေဖြစ်ပြီး ခုနစ်ယောက်ကတော့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်။
“လွတ်မြောက်လာတဲ့ ဓားစာခံတွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံပေါင်းစည်နိုင်ဖို့ အစ္စရေးက ဆေးရုံတွေဆီ သွားနေကြပါပြီ” လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ကနေ ထုတ်ပြန်ချက်ထုတ်ပြီး ဖော်ပြခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း ပါလက်စတိုင်း ၃၉ယောက် လွှတ်ပေးခဲ့ရာမှာ အမျိုးသမီး ခြောက်ယောက်နဲ့ အရွယ်မရောက်သေး သူ ၃၃ ယောက်ပါဝင်ပြီး သူတို့ကို အကျဉ်းထောင် နှစ်ခုကနေ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ပထမနေ့ဖြစ်တဲ့ နိုဝင်ဘာ၂၄ရက် သောကြာနေ့က အစ္စရေး ၁၃ ယောက် ထိုင်းအမျိုးသား ၁၀ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်တို့ ပါဝင်တဲ့ ဟားမတ်စ် ဓားစာခံ ၂၄ယောက်ကို ကနဦး လွှတ်ပေးခဲ့ပါတယ်။ လွတ်မြောက်လာသူတွေဟာ အသက် ၂ နှစ်ကနေ ၈၅ နှစ်ကြား အရွယ်တွေ လို့ သိရပါတယ်။
Ref: Reuters/fs/mi
ပုံစာ။ လွတ်မြောက်လာတဲ့ ဓားစာခံတွေကို ကြိုဆိုနေတဲ့ အစ္စရေးပြည်သူများ
Feature Image Credit: Reuters/Alexander Ermochenko



