ဗာဂျီးနီးယား၊ မတ် ၁၃
အမေရိကန်ကြည်းတပ်စစ်ရေယာဉ် လေးစင်းဟာ မတ် ၁၂ ရက် အင်္ဂါနေ့က ဂါဇာကမ်းရိုးတန်းမှာ ယာယီဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့ လိုအပ်တဲ့ စစ်သားတွေနဲ့ စက်ပစ္စည်းကိရိယာတွေ တင်ဆောင်ပြီး ဗာဂျီးနီးယား အခြေစိုက်စခန်းတစ်ခုကနေ စတင် ထွက်ခွာသွားကြပြီလို့ သိရပါတယ်။
ထောက်ပံ့ရေးရေယာဉ်လို့ လူသိများတဲ့ မီးခိုးရောင်ခြယ်ထားတဲ့ ပထမဆုံး ရေယာဉ်ဟာ Joint Base Langley-Eustis ဆိပ်ခံကနေထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီတွေ တိုးမြှင့်ပေးဖို့ အရေးဟာ မြေပြင်ကနေ လုပ်ဆောင်ဖို့ အခက်အခဲတွေ များလွန်းလှတာမို့ အခုလို စီစဉ်ကြတာပဲ ဖြစ်ပါတယ်။
သင်္ဘောကြီးပေါ်ကနေ သင်္ဘောငယ်တွေဆီကို အကူအညီရိက္ခာတွေ ကဲ့ထုတ်ဖို့ ကမ်းလွန်ပလပ်ဖောင်းတစ်ခုနဲ့ ကမ်းပေါ်ကိုသယ်ယူဖို့ အတွက် ဆိပ်ခံတံတားတစ်ခု ပါဝင်မှာ ဖြစ်ပြီး အမြန်ဆုံး ပြီးဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်စစ်တပ် ဗိုလ်မှူးချုပ် ဘရက်ဒ်ဟင်ဆန် က သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော်တို့ရဲ့မစ်ရှင်ကို အပြည့်အ၀ စွမ်းဆောင်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် တစ်ရက်ကို အစာရေစာ နှစ်သန်း ဒါမှမဟုတ် ရေပုလင်း နှစ်သန်းအထိ ကမ်းပေါ်ကို တွန်းပို့နိုင်လိမ့်မယ်” လို့လည်း သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အပစ်အခတ်ရပ်ဆဲရေးက အလှမ်းကွာနေဆဲလည်း ဖြစ်ပါတယ်။
Ref: AFP
ပုံစာ။ ဆိပ်ကမ်းတည်ဆောက်မယ့် အမေရိကန်တပ်ဖွဲဝင်တွေကို တွေ့ရပုံ
Feature Image Credit: AFP/Roberto Schmmidt



