ဂါဇာ၊ ဇွန် ၆
ဟားမတ်စ်တွေ အခြေစိုက်တဲ့ ဧရိယာထဲက ကုလသမဂ္ဂ စာသင်ကျောင်းကို အစ္စရေးစစ်တပ်က ဒီနေ့ ဇွန်လ ၆ရက် ကြာသပတေးနေ့မှာ တိုက်ခိုက်ခဲ့လို့ လူ ၂၇ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒုက္ခသည်စခန်းတစ်ခုမှာ ဆောက်ထားတဲ့ ကျောင်းရဲ့ အပေါ်ဆုံးထပ်က စာသင်ခန်းတွေကို အစ္စရေး စစ်လေယာဉ်တစ်စင်းက ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းထောက်တွေက BBC ကို ပြောပါတယ်။
ဟားမတ်စ်မီဒီယာရုံးက အစ္စရေးဟာ “ကြောက်မက်ဖွယ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” ကို ကျူးလွန်နေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေမှာတော့ စာသင်ခန်းတွေမှာ ရုပ်အလောင်းတွေ ကို ဖုံးအုပ်ထားတာ တွေ့ရတယ်လို့ဆိုပါတယ်။
ဟားမတ်စ် မီဒီယာရုံး ဒါရိုက်တာ အစ္စမေး အယ်လ်သာဝက်တာ ကတော့ “ ကုလသမဂ္ဂ စာသင်ကျောင်း ထဲမှာ ဟားမတ်စ်တွေ ရှိနေတယ်ဆိုတာ မဟုတ်ဘူး” ဆိုပြီးအစ္စရေး ရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ ဂျက်လေယာဉ်တွေဟာ နူစရီယက်ဒေသ ကျောင်းဝန်းထဲက ဟားမတ်စ်တွေ ပုန်းအောင်းနေတဲ့ ပစ်မှတ်ကို တိကျတဲ့ တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
၂၀၂၃ခုနှစ် အစ္စရေးတောင်ပိုင်းက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ဟားမတ်စ်နဲ့ အစ္စလမ္မစ်ဂျီဟတ် အကြမ်းဖက်သမားတွေကတိုက်ခိုက်ခဲ့လို့ အစ္စရေးဘက်က လူ ၁၂၀၀ လောက် သေဆုံးပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
Ref: BBC
ပုံစာ။ တိုက်ခိုက်ခံလိုက်ရတဲ့ အဆောက်အဦကို တွေ့ရပုံ
Feature Image Credit: EPA



