ဂါဇာကမ်းမြောင်ဒေသတိုက်ပွဲတွေက ပိုပြင်းထန်လာနေပြီး အသေအပျောက်လည်း ပိုများလာ

ဂါဇာ၊ အောက်တိုဘာ ၂၅

အောက်တိုဘာ ၇ရက်နေ့က ဟားမတ်စ်တို့ရဲ့ အစ္စရေးကို အလစ်အငိုက် ဝင်တိုက်ခိုက်လိုက်တဲ့  တိုက်ခိုက်မှု အပြီး ဟား မတ်စ် တွေ အခြေစိုက်တဲ့ ဂါဇာကို အစ္စရေးတွေရဲ့ လက်တုန့်ပြန် တိုက်ခိုက်မှုဟာ  သီတင်းပတ် သုံးပတ်နီးပါး ရှိလာခဲ့ချိန်မှာ  အစ္စရေးဘက်က တိုက်ခိုက်မှု အရှိန်က လျော့မသွားဘဲ ပိုပြင်းထန်လာနေသလို တစ်ဘက်မှာလည်း အသေအပျောက်တွေ က တစ်စထက်တစ်စ ပို တိုးလာနေတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေပါတယ်။

လက်တွေ့မှာလည်း ဂါဇာဘက်က ရင်ဆိုင်နေရတာက ဆေးဝါးပြဿနာ ၊ စားရေးရိက္ခာပြဿနာ တစ်ခုတည်းမဟုတ်ဘဲ လောင်စာဆီရရှိဖို့ကလည်း ပြဿနာ တစ်ရပ်ဖြစ်နေပါတယ်။ အစပိုင်းမှာ အစ္စရေးဘက်က လောင်စာဆီ ဝင်ရောက်မှု ကို တားမြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် လက်တွေမှာတော့ အစ္စရေးဘက်က ပိတ်ထားဆဲ ဖြစ်ပါတယ်။

တစ်ဘက်ကလည်း ဂါဇာကို မြေပြင်ထိုးစစ်ပြင်နေတာမို့  မြေပြင်ထိုးစစ်ကို ရှောင်ရှားဖို့  အမေရိကန် စစ်ဘက်အကြံပေး တွေက အစ္စရေးကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်  ဘန်ဂျမင် နေတန်ရာဟုကတော့   မြေပြင်ထိုးစစ်ဟာ လမ်းကြောင်းပေါ်ရှိနေဆဲဖြစ်တဲ့အကြောင်း အောက်တိုဘာ ၂၄ရက်က အစ္စရေးစစ်သားတွေကို ပြောဆိုခဲ့သလို  “ကျွန်တော်တို့ဟာ  နောက်တစ်ဆင့်ရှေ့မှာ ရောက်နေခဲ့ ပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

ဂါဇာကို ထိန်းချုပ်ထားတဲ့ အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်ကို သုတ်သင်ပစ်မယ်လို့ အစ္စရေးက အတိအလင်း ကတိပြုထားပြီးမှ တိုက်ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အထိ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာဘက်မှာ သေဆုံးသူ ၅၇၀၀ ကျော်ရှိနေပြီး အဲ့ဒီအထဲမှာ ၂၀၀၀ကျော်က ကလေးတွေလို့ သိရပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစ္စရေးရဲ့  ဂါဇာကမ်းမြောင်ဒေသအပေါ် ပြင်းထန် စွာ တိုက်ခိုက်တဲ့  လုပ်ရပ်တွေကို “အလွန်စိုးရိမ်ဖွယ်ရာ” ဆိုပြီးသုံးနူံးပြောဆိုပါတယ်။ “လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အပစ်အခတ်ရပ်စဲရေး”၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွက် နှစ်နိုင်ငံဖြေရှင်းချက်ထုတ်ရေး၊  ဓားစာခံတွေအားလုံး ကို ချက်ချင်း လွှတ်ပေးရေး” စတဲ့ တောင်းဆိုချက်တွေကိုလည်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref:CNN

ပုံစာ။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

Feature Image Credit: AP

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *