“ချကွာ”

၂၀၂၂၊ ဒီဇင်ဘာ ၂၉

ကျော်ကျော်စိုး (ဂျပန်)

ဂျပန်မှာ နှစ်ကုန်ခါနီးဆိုရင် ဘိုးနဲင်းကိုင်(Bounenkai) လို့ခေါ်တဲ့ နှစ်ကုန်ပါတီပွဲတွေ လုပ်ကြတယ်၊ ၁နှစ်အတွင်း ဖြစ်ပျက်ကြုံတွေ့သမျှ ( အကောင်းရော အဆိုးပါ) တွေကို ပြန်ပြောင်းပြောကြ သုံးသပ်ကြ၊ မှတ်သင့်တာတွေမှတ်၊ မေ့သင့်တာတွေမေ့၊ နောင်နှစ်ကို သယ်သွားသင့်တာတွေ သယ်သွားဖို့ စတာတွေကို ပြောဆိုကြရင်းနဲ့ စားကြသောက်ကြတဲ့ပွဲပါ။ အဓိကဦးတည်တာကတော့ ပျော်ပျော်ပါးပါးနဲ့ စားသောက်ပြီး အမှတ်ရစရာလေးတွေ ဖြစ်အောင်လုပ်ရင်း နှစ်သစ်အတွက် အားသစ်မွေးတယ်လို့ ဆိုရမှာပေါ့။ အဲဒါက ဂျပန်ရဲ့ ရိုးရာဓလေ့တစ်ခုလို့ ဆိုရင် မမှားပါဘူး။

စားရင်းသောက်ရင်းနဲ့ စကားပြောကြတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ပိုရတယ်လို့ ဆိုချင်တယ်။ တချို့မိတ်ဆွေ ဂျပန်တွေက အရက်ကို များများသောက်နိုင်ကြတယ် (အမျိုးသမီးရော အမျိုးသားပါ)၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အားရပါးရ သောက်တယ်လို့ ဆိုရမလားဘဲ။

အရက်သောက်တယ်ဆိုလို့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဂျပန်အရက်ဆိုင် အီဇာ့ဂါယာ့ (Izagaya) မှာ အလုပ်လုပ်ခဲ့တုန်းက အကြောင်းအရာတစ်ခုကို သတိရလာမိတယ်။ အဲဒီဆိုင်မှာက အလုပ်ပြီးလို့ ရှိရင် ဆိုင်ဝန်ထမ်းအားလုံးစုပြီး ညစာ အတူတူစားလေ့ရှိတယ်။ ဒါပေမဲ့ ဆိုင်က အရက် ၊ ဘီယာ ကိုတော့ သောက်လို့မရဘူး၊ အချိုရည်၊ ‌ရေနွေးကြမ်း စတာတွေကိုတော့ သောက်လို့ရတယ်။ (တချို့ဆိုင်တွေက ကိုယ့်ဝန်ထမ်းတွေ အလုပ်ပြီးတဲ့အခါ တစ်ခွက်တစ်ဖလား သောက်ခွင့်ပြုတာတွေရှိတယ်၊ တစ်ဆိုင်နဲ့ တစ်ဆိုင် မတူဘူးပေါ့)

ထမင်းအတူတူစားကြတယ်ဆိုတော့ ထမင်းစားရင်းနဲ့ အကြောင်းအရာ အမျိုးမျိုးပြောဖြစ်ကြတယ်၊ ဒီတော့ ရင်းနှီးမှုပိုရတာပေါ့၊ တစ်ရက်ကျတော့ ဆိုင်မန်နေဂျာက ပြီးခဲ့တဲ့ ၂ ရက်က သူ့ဇနီးဟာ သားယောက်ျားလေးမွေးတယ်လို့ ဝန်ထမ်းအားလုံးကို ပြောပြတော့ အားလုံးရဲ့မျက်နှာတွေမှာ အပြုံးကိုယ်စီနဲ့ ဖြစ်သွားတယ်။ ပြီးတော့ ဝမ်းသာဂုဏ်ယူတဲ့အကြောင်း ပြောကြတယ်။ အဲဒီနေ့က မန်နေဂျာနဲ့ ကျနော်က ကပ်လျက်အတူထိုင်နေခဲ့ကြတယ်။

ကျနော်က “ဒါဆိုရင် အထိမ်းအမှတ်အနေနဲ့ ဆုတောင်း ကမ်းပိုက်(Kanpai) လုပ်ကြရအောင်” လို့ ဆိုတော့၊ အားလုံးက “ဟုတ်တယ်” ဆိုပြီး ရေခွက်၊ ရေနွေးကြမ်းခွက်ကိုယ်စီကိုင်ပြီး ကလေးကျန်းမာဖို့၊ မိသားစုပျော်ရွှင်ဖို့ ဆုတောင်းပြီး “Kanpai” လို့ အော်ကြတယ်။

မန်နေဂျာက ကျနော့်ကို “မြန်မာမှာ‌ရော Kanpai ဆိုတာ ရှိသလား” လို့ မေးတယ်၊ ကျနော်က “ဂျပန်မှာလိုမျိုးတော့ စကားလုံးအတိအကျနဲ့ သတ်မှတ်သုံးစွဲတာမျိုးတော့ မရှိဘူး၊ ဒါပေမဲ့ အတူတူစုသောက်ကြတဲ့အခါမျိုးမှာ “ချကွာ” ဆိုတဲ့ အသုံးအနှုန်း‌တော့ရှိတယ်၊ အများအားဖြင့် လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ကျောင်းနေဘက်တွေ၊ ညီအကိုတွေ စုဖြစ်တဲ့ခါ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ “ချကွာ” ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။ အတူရှိနေသူတွေဟာ တစ်ပြေးညီ တန်းတူ ဖြစ်တယ်၊ ဒါမှမဟုတ် အတော့်ကိုရင်းနှီးတယ်ဆိုတဲ့ ဆက်ဆံရေးအတိုင်းအတာ ရှိတဲ့အခါမျိုးမှာ “ချကွာ” ဆိုတာကို သုံးတဲ့အကြောင်း ရှင်းပြခဲ့တယ်။

အဲဒီနောက် ကျနော်က မန်နေဂျာကို “သားနဲ့ပတ်သက်ပြီး ဘာဖြစ်ချင်တဲ့ဆန္ဒရှိသလဲ” လို့မေးတော့၊ သူက “သားကို အသက် ၂၀ မြန်မြန်ပြည့်စေချင်တယ်” လို့ ဖြေတယ်။ ကျနော်က “ဟင် – ဘာဖြစ်လို့လဲ” ဆိုတော့၊ သူက “သားနဲ့ အရက်အတူတူသောက်ချင်လို့” ဆိုပြီး ဖြေတယ်။

ကျ‌နော်လည်း အတော် အံ့အားသင့်သွားတယ်၊ ကျနော်တို့ မြန်မာဓလေ့မှာ အဖေနဲ့ သား အတူထိုင်ပြီး “ချကွာ” လို့ ခွက်ချင်းတိုက်ပြီး အရက်အတူတူသောက်တယ်ဆိုတာ မရှိသလောက်ကို ရှားတယ်လေ၊ ဒါပေမဲ့ ဂျပန်မှာတော့ အဲဒါဟာ မထူးဆန်းတဲ့ကိစ္စပါ၊ အတော့ကို ကွဲပြားတဲ့ဓလေ့လို့ ပြောရမှာပါပဲ။

ဂျပန်လူမျိုးတွေဟာ အကြောင်းအမျိုးမျိုးနဲ့ အရက်ကို သောက်ကြပါတယ်။ အခုလိုမျိုး အထိမ်းအမှတ်ပွဲလေးတွေ၊ မင်္ဂလာဧည့်ခံပွဲ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာပွဲတွေ၊ သာရေး ၊ နာရေး ၊ လူမှုရေးကိစ္စ စတာတွေမှာ ဆာကေး(sake)လို့ခေါ်တဲ့ ဆန်ကနေချက်တဲ့ ဂျပန်အရက်၊ ဘီယာ ၊ ဝိုင် ၊ ဝီစကီ ၊ ကန်စွန်းဥ၊ ဂျုံစပါး (Mugi) တို့ကနေ ချက်လုပ်တဲ့ အရက်တွေ ၊ အမျိုးစုံအောင် သောက်ကြပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက်ပေါ့။

လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က ဂျပန်လူမျိုးတွေဟာ ဆန်ကနေချက်တဲ့ အရက် ဆာကေး ကိုပဲ စပြီး သောက်လာခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရတယ်ဆိုတာ သိခဲ့ရတယ်။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဆာမူရိုင်းရုပ်ရှင်တွေမှာ ခွက်သေးသေးလေးတွေနဲ့ တစ်ကျိုက်တည်း မော့သောက်တဲ့အရက်ဟာ ဆာကေး ဆိုတာ ပထမဦးဆုံး သိခဲ့ရတယ်။

မေးဂျိ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အချိန်ကစပြီး ဂျပန်မှာ ဆာကေး တင်မက ဘီယာ ၊ ဝိုင် ၊ ဝီစကီ စတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ သောက်တဲ့ အရက်တွေကိုပါ သောက်လာကြတယ်။ နောက်ပိုင်းမှာ ဂျပန်လူမျိုးတွေဟာ ကိုယ်တိုင်ချက်ပြီး သောက်ရုံတင်မက နိုင်ငံခြားကိုပါ တင်ပို့ရောင်းချတဲ့အဆင့် အထိ ရောက်လာခဲ့တယ်။ ကမ္ဘာကျော်တဲ့ ဂျပန်ဘီယာကုမ္ပဏီကြီးတွေ၊ ဝီစကီထုတ်တဲ့ ဂျပန်ကုမ္ပဏီကြီးတွေ ရှိလာခဲ့တယ်။ လေ့လာ ၊ နည်းယူ ၊ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အရသာ တီထွင်တာတွေကို စဉ်ဆက်မပြတ်လုပ်တာရဲ့ အကျိုးရလဒ်လို့ ဆိုရပါမယ်။

အခုဆိုရင် အရက်သောက်တာဟာ ဂျပန်မှာ သာမန်ကိစ္စ၊ လုပ်ရိုးလုပ်စဉ်၊ မထူးဆန်းတဲ့ကိစ္စ ဖြစ်နေပါပြီ။ ဥပမာ- တိုကျိုက တာကာဒါနိုဘာ့ဘာ့(Takadanobaba)အရပ်က တာကာဒါနိုဘာ့ဘာ့ ဘူတာရှေ့နားက ကွက်လပ်မှာဆိုရင် ညဘက်တိုင်း အထူးသဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေ လိုမျိုးနေ့တွေမှာ အဖွဲ့လိုက် အစုလိုက် လွတ်လွတ်လပ်လပ်နဲ့ ‌ပျော်ပျော်ပါးပါး ကခုန်ရင်း စကားတွေဖောင်ဖွဲ့ရင်းနဲ့ အရက်သောက်ကြတယ်၊ (လူငယ်အများစုပေါ့)  အလုပ်ပြီးတဲ့အချိန်ဆုံရင်း ဘီယာသောက်ကြတဲ့ ကျနော်နဲ့ ခင်မင်တဲ့ မြန်မာတချို့လည်း အဲဒီမှာ မကြာမကြာ စတည်းချလေ့ရှိတယ်။ အပန်းဖြေကြတယ်လို့ ဆိုရင် မှားမယ်မထင်။ သူတို့က ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးကြဘူးလေ။ (အခုရက်ပိုင်းအတွင်း ညဘက် အေးနေပြီဆိုတော့ ကျနော့်မိတ်ဆွေတွေကိုတောင် တချို့ရက်တွေမှာ မတွေ့ရဘူး)

နှစ်ကုန်အထိမ်းအမှတ်ပါတီတွေမှာ စားသောက်ကြတဲ့အခါ တစ်ယောက်ယောက်က ဦးဆောင်ပြီး စကားတစ်ခွန်းလောက်ပြောပြီး Kanpai လုပ်ကြတယ်။ အများအားဖြင့် အလုပ်တွေ အဆင်ပြေဖို့၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့နှစ်ကို ရောက်ဖို့၊ ကျန်းမာဖို့ စသဖြင့် တစ်ခုခုကို ဆုတောင်းလေ့ရှိပါတယ်။

ကျနော်တို့မြန်မာတွေလည်း နှစ်ကုန်ခါနီးအချိန်မှာ အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်ပြီး ကိုယ့်အတွက်ရော၊ ကိုယ်နေတဲ့ လူမှုအသိုက်အဝန်းအတွက်ရော၊ ကိုယ့်နိုင်ငံအတွက်ပါ နောင်နှစ်ဟာ ပျော်ရွှင်စရာကောင်းတဲ့နှစ် ဖြစ်စေဖို့နဲ့ ရှေ့ဆက်လှုပ်ရှားကြဖို့အတွက် “ချကွာ” (ချကွာ)။ 

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *