
လင်းသူ (ပန်းကန်ကျွန်း)
ကျိုင်းတုံမြို့သည် မြန်မာနိုင်ငံအရှေ့အရပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး ရိုးရာလက်မှု အနုပညာလုပ်ငန်းများ အသင့်အတင့်ထွန်းကားပါသည်။ ကျိုင်းတုံမြို့တွင် လက်မှုလုပ်ငန်းများအဖြစ် ရှမ်းရိုးရာ ယွန်းထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ပန်းပုနှင့်ပရိဘောဂလုပ်ငန်း၊ အခါတိုင်းရင်းသားအဝတ်အထည်လုပ်ငန်း၊ ခြုံစောင်ထည်ရက်လုပ်ခြင်း လုပ်ငန်း၊ ရှမ်းဖယောင်းတိုင်လုပ်ငန်း၊ ထီးတံခွန်ကုက္ကားလုပ်ငန်း၊ စက္ကူပန်းလုပ်ငန်း နှင့် ရိုးရာမုန့်ပဲသရေစာလုပ်ငန်း စသည်တို့ကိုတွေ့ရသည်။ ထိုလုပ်ငန်းများထဲတွင်မှ လေ့လာဖြစ်ခဲ့သော ရှမ်းရိုးရာယွန်းထည် လုပ်ငန်းကို လေ့လာဖော်ပြပေးလိုပါသည်။
ရှမ်းယွန်းထည်
ရှမ်းယွန်းထည်လုပ်ငန်းမှာ ရိုးရာလက်မှုအနုပညာလုပ်ငန်းဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ် တစ်ခု ဖြစ်သည်။ ရှမ်းလူမျိုးတို့၏ ရိုးရာအမွေဖြစ်သော သစ်ရိုးပန်းဖောင်းကြွ ရွှေအစစ်ချယွန်းထည်များကို ပြုလုပ် ရောင်းချပေးသည်။ အနုစိတ်ပုံဖော်လုပ်ကိုက်ရပြီး ရွှေသားအစစ်ကို ပါဝင်အသုံးပြုရသောကြောင့် စျေးနှုန်းကြီးမြင့်သည်။ ကျိုင်းတုံမြို့တွင်ရှိသော အခြားလက်မှုလုပ်ငန်းများသည် ဒေသနှင့်အံဝင်ကိုက်ညီပြီး စျေးကွက်ပုံမှန်ရှိနေသော်လည်း ရှမ်းယွန်းထည် လုပ်ငန်းမှာမူ ပြည်တွင်းဝယ်လိုအားလွန်စွာနည်းလှသည်။ ထို့ကြောင့် ယခင်ကယွန်းထည်လုပ်ငန်း ၁၀ ခုထက်မကရှိခဲ့ရာမှ ယခုအခါတွင် ဦးမုလိန္ဒ ရှမ်းယွန်းထည် လုပ်ငန်း တစ်ခုသာ ကျန်ရှိတော့သည်။ ဦးမုလိန္ဒ၏ မြေးတော်စပ်သူ ဦးစိုင်းလုံ ဆိုသူမှ ဦးစီးလုပ်ကိုင်နေပြီး အရောင်းဆိုင်နှင့်လုပ်ငန်းကို အမှတ် (၃၀)၊ စွန်မွန်းရပ်၊ တာချီလိတ်လမ်းရှိ နေထိုင်ရာအိမ်ခြံဝင်းအတွင်း ဖွင့်လှစ်ထားရှိသည်။ ပြုလုပ်ထားသော ရှမ်းယွန်းထည်များကို ခင်းကျင်းပြသထားပါသည်။

ယွန်းပညာအမွေ
ဦးမုလိန္ဒယွန်းထည်လုပ်ငန်းသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ရာခန့်ကတည်းက ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် စတင်ခဲ့ခြင်းဟု ဆက်လက် လုပ်ကိုင်နေသည့် မိသားစုဝင်များကပြောပြပါသည်။ လုပ်ငန်းကို ဦးလုန်းဆန်နုန် အမည်ရသည့် ပညာရှင်ကြီးမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတဆင့် သားဖြစ်သူ ဆရာဦးခန်းထွန်း၊ ဦးခန်းထွန်း၏သား ဦးမုလိန္ဒ၊ ဦးမုလိန္ဒ၏သား ဦးစိုင်းမောက် ထိုမှတဆင့် တူဖြစ်သူ ဦးစိုင်းလုံ လက်ထက် အထိ ယွန်းပညာအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနေကြခြင်းလည်း ဖြစ်သည်။ ယခုလက်ရှိ လုပ်ကိုင်နေသော ဦးစိုင်းလုံ သည် ငယ်စဉ်ကလေး ကတည်းက ဘိုးဘွားအမွေကို ဆက်ခံနိုင်ခဲ့သူလည်း ဖြစ်သည်။ ဘိုးဘွားပညာအပြင် အစိုးရ အစီအစဉ်ဖြင့် ပုဂံမြို့ယွန်းပညာကောလိပ်တွင် ၆ နှစ်ကြာမျှ လေ့လာသင်ယူခဲ့ရသည်။ ယွန်းကောလိပ် တက်ရောက်နေစဉ်အတွင်း ပုဂံဒေသမှ ယွန်းထည်လုပ်ငန်း ပညာရှင်များ ထံမှလည်း လေ့လာဆည်းပူး သင်ယူနိုင်ခဲ့သေးသည်။ အင်ဒိုနီးရှား၊ ယိုးဒယားနှင့် ဂျပန်ယွန်း ပညာရှင်များ ထံမှလည်း ပြည်ပယွန်း အတတ်ပညာများကို လေ့လာခဲ့သေးသည်။ ထို့အပြင် ပန်းချီ နှင့် ပတ်သက်၍လည်း အရောင်ရောစပ်နည်းများ ပန်းချီရေးဆွဲနည်းပညာများကိုလည်း ထပ်မံလေ့လာသင်ယူခဲ့ ပြန်သည်။ ထို့နောက်တွင် မိမိရပ်ရွာဒေသ၌ မိသားစုနှင့် အခြေတကျနေထိုင်ကာ ယွန်းထည်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။ သို့သော် ယွန်းထည်လုပ်ငန်းသည် အရောင်းသွက်ပစ္စည်းမဟုတ်သဖြင့် ပြင်ပ လုပ်သားငှားရမ်းလုပ်ကိုင်ရခြင်းမရှိပဲ မိသားစုဝင်များ ၀ိုင်းဝန်းဆောင်ရွက်လျှက်ရှိကြသည်။ တစ်မိသားစုလုံးအနေဖြင့်လည်း ယွန်းပညာကို တတ်မြောက်ကြသဖြင့် လုပ်ငန်းခွင်သည်အခက်အခဲမရှိသည်ကို တွေ့ရသည်။

ရှမ်းယွန်းထည်လုပ်ငန်း
ဘိုးဘွားထံမှအမွေရထားသော ရှမ်းရိုးရာယွန်းပညာနှင့် ၆ နှစ်ကျော်ဆည်းပူးလေ့လာခွင့်ရခဲ့သော ပုဂံယွန်းကောလိပ်မှပညာရပ်များကို ပေါင်းစပ်တီထွင်လုပ်ကိုင်ခဲ့သည်။ ယွန်းထည်လုပ်ရန် အပူပေးရန် မြေတိုက်ကို အသုံးပြုသော်လည်း ဦးစိုင်းလုံက ရေတိုက်ကိုသုံးသည်။ ရေတိုက်ဖြင့်အသုံးပြုခြင်းကို ဂျပန်ယွန်း ပညာရှင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်အသုံးပြုရာတွင် အဆင်ပြေမှုရှိသဖြင့်ဆက်လက်အသုံးပြုခဲ့သည်။ ရေတိုက်ဆိုသည်မှာ ယွန်းအကြမ်းထည်များကို အလုံပိတ်အခန်းတွင်းထည့်ပြီး ယင်းအခန်းအတွင်းသို့ ပြင်ပမှရေဖိအားဖြင့် အပူပေးခြင်းဖြစ်သည်။ မိရိုးဖလာနည်းအရဆိုလျှင် မြေအောက်ခန်းတွင်း ထည့်ထားခြင်း ဖြစ်သည်။ ယခုမြေတိုက်ကိုအသုံးပြုခြင်းဖြင့် လိုအပ်သောအပူချိန်ကိုရရှိကာ မြေတိုက်ထက်ပိုမို သန့်ရှင်း သပ်ရပ်မှု ရှိကြောင်းသိရသည်။ ကျိုင်းတုံသည် ယိုးဒယား၊ တရုတ်တို့နှင့် နီးစပ်သည့်အတွက် ယင်းတို့နှင့် နီးစပ်သည့် ခေတ်ပေါ်ဒီဇိုင်းများနှင့် ရှေးလက်ရာများကို တွဲစပ်ဖန်တီးလုပ်ကိုင်သည်။ အရည်အသွေး ဦးစားပေးသည့်အတွက် ယွန်းအကြမ်းထည်များကို အသားသေ၊ ပိုးသေရန် ကြပ်ခိုးစင်တွင် ၅ နှစ်မှ ၈ နှစ်အထိ ကြပ်တင်ထားသည် ကိုတွေ့ရသည်။ ကြပ်ခိုးစင်ပေါ်ရောက်မည့် အကြမ်းထည်တစ်ခုအဆင့်တွင်ပင် ၃ လမှ ၅ လ အတွင်းကြာပြီး အချောကိုင်သည့်အဆင့်တွင် ၆ လနီးပါး အချိန်ကြာသည်ဟုသိရသည်။ ထို့ကြောင့် ကုန်ပစ္စည်းများ ပြုလုပ်ရာတွင် ကုန်ကြမ်းပေါင်း ရာချီပြီးပြုလုပ်ထားရသည်။

ရှမ်းယွန်းအတွက်ကုန်ကြမ်း
အဓိကအသုံးပြုသည့်ကုန်ကြမ်းမှာ တင်းဝါး၊ သစ်စေး(စစ်စီး)၊ ရွှေဆိုင်း၊ ဟင်္သာပြဒါး တို့ဖြစ်ကြသည်။ ၀ါးကို နီးစပ်ရာရွာများတွင် အလွယ်တကူဝယ်ယူနိုင်သည်။ သစ်စေးကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်၊ ကျိုင်းတောင်၊ ကျိုင်းခမ်းဒေသများအထိ သွားရောက်ဝယ်ယူရသည်။ သစ်စေးချက်ချင်းမရသဖြင့် ကြိုပြီးမှာထား ရသည်။ ရွှေဆိုင်းကို မန္တလေးမြို့မျက်ပါးရပ်တွင်ဝယ်ယူရသည်။ မန္တလေးသို့မသွားလိုလျှင် ကျိုင်းတုံမြို့ပေါ်တွင် ရှိသော သင်္ကန်းပရိက္ခရာဆိုင်များမှလည်း စျေးအနည်းငယ်ပိုပေးပြီးဝယ်ယူနိုင်သည်။ ရွှေဆိုင်းဆိုရာတွင် ရွှေတိဂုံစေတီ၊ ပဥ္စဝဂ္ဂီငါးပါး၊ ဆွမ်းအုပ်၊ နွား စသည်ဖြင့် တံဆိပ်အမျိုးမျိုးရှိသည့်အနက် ရွှေတိဂုံစေတီတော် တံဆိပ်ကို အသုံးပြုသည်။ အဓိကကုန်ကြမ်းဝယ်ရသော ဒေသများနှင့် အလှမ်းကွာသောကြောင့် ကုန်ကြမ်း စရိတ်အပြင် ခရီးစရိတ်အပိုကုန်ကျမှုပါရှိသည်။

ယွန်းထည်အမျိုးမျိုး
အများဆုံးပြုလုပ်ရောင်းချသည့် ယွန်းထည်များမှာ ပန်းအိုး၊ ကွမ်းအစ်၊ ပြည်တောင်း၊ လက်ဖက်အုပ်၊ လင်ဗန်း၊ ရေတကောင်း၊ ဆွမ်းအုပ်၊ ပန်းကန်လုံး၊ သွားကြားထိုးတံဗူး၊ လိပ်စာကဒ်ဗူး စသည်ဖြင့် ပစ္စည်းအမျိုးအစား ၂၀ ကျော် ပြုလုပ်ပါသည်။ ပြည်တောင်း၊ ပန်းကန်လုံးနှင့်ရေတကောင်းတို့မှာ လူကြိုက် များသည်။ ယွန်းထည်များကို ပြည်တွင်ဝယ်လိုအား အနေဖြင့်နည်းပါးပြီး နိုင်ငံခြားခရီးသွားဧည့်သည်များမှ လာရောက်ဝယ်ယူကြခြင်းသာဖြစ်သည်။ ခရီးသွားကာလများတွင် ဂျပန်၊ အင်္ဂလန်၊ ရုရှား၊ ကိုရီးယား၊ တရုတ်၊ စင်္ကာပူ တို့မှ လာရောက် လေ့လာဝယ်ယူခဲ့ကြသည်ဟု သိရသည်။ နိုင်ငံခြားဧည့်သည်ကိုသာ အားထား ရောင်းချ ပေးရသည့် လုပ်ငန်းအမျိုးအစားကဲ့သို့ ဖြစ်နေခြင်းကြောင့် ယွန်းထည်လုပ်ငန်း တစ်ခုတည်းနှင့် အဆင်ပြေမှုမရှိသဖြင့် ရှမ်းရိုးရာဓါးပြုလုပ်ခြင်းလုပ်ငန်း၊ ရှမ်းရိုးရာလက်ဆောင်ပစ္စည်းများ ပြုလုပ်ခြင်းနှင့် အခြားအရောင်းအဝယ်လုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်လျှက် ရှိသည်။ မည်သို့ဆိုစေကာမူ ဦးမုလိန္ဒ မိသားစု များ၏ လက်ရာရှမ်းယွန်းထည်များသည် ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေသည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း ဦးစိုင်းလုံ က ဆိုပါသည်။

ကျိုင်းတုံမြို့မှာပွင့်တဲ့ပန်း မြန်မာတို့တွင် ဆယ်ပွင့်ပန်းဟူသော ကိုယ်ပိုင်လက်မှုအနုပညာရိုးရာလုပ်ငန်းများ ရှိရာ ကျိုင်းတုံမြို့ တွင်လည်း ယွန်းပန်းတစ်ပွင့် ဖူးပွင့်လျှက်ရှိနေပါသည်။ ထို ရိုးရာပန်းတစ်ပွင့်သည် အဓွန့်ရှည်ကြာ မပျောက် မပျက် ပွင့်လန်းနိုင်ပါစေ ဟု ဆန္ဒပြုရေးသားလိုက်ပါသည်။