ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ကျင်းစန်းကျော့ မှာ ရပ်နားထားတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ ကုန်တင်ကားကြီး ၁၂၈စီး နိုဝင်ဘာလ ၂၃ရက်က ပစ်ခတ်ခံရလို့ မီးလောင်အပြီး တရုတ်စစ်တပ်က မြန်မာနယ်စပ်နားမှာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက် စနေန့မှာ စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီလေ့ကျင့်မှုဟာ အခြေနေတွေကို လျင်လျင်မြန်မြန် ထိန်းကွပ်နိုင်ဖို့၊ ပစ်ခတ်မှု စွမ်းရည်တွေ တိုးတက်ဖို အပါအဝင် ပစ် ခတ် တိုက်ခိုက်မှု စွမ်းရည်တွေကို စမ်းသပ်ဖို့ ရည်ရွယ်လေ့ကျင့်တာလို့ တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်ရဲ့ တောင်ပိုင်းကွပ်ကဲရေးဌာနက WeChat မက်ဆေ့ချ်အက်ပ် မှာ တရားဝင် ပြောဆိုခဲ့ပါတယ်။
တောင်ပိုင်းကွပ်ကဲမှုဌာနချုပ် ရဲ့ တာဝန်က မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ် နဲ့ တောင်တရုတ်ပင်လယ် အရေးကိုပါ ကိုင်တွယ်နေရတဲ့ အရေးကြီးစစ်ရေးဌာနချုပ်ဖြစ်ပါတယ်။
လေ့ကျင့်မယ့် ကာလနဲ့ တပ်ဖွဲ့ဝင် အင်အားကိုတော့ WeChatပို့စ်မှာ ထည့်ပြီး ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒီလေ့ကျင်မှုအတွက် တရုတ်ဘက်က မြန်မာ စစ်ကောင်စီကို တရားဝင် အကြောင်းကြားတယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ အကြီးမားဆုံး ထိုးစစ်ကို မြန်မာစစ်တပ်က အရှေ့မြောက်နဲ့ တခြားဒေသတွေမှာပါ ရင်ဆိုင်နေရတယ်လို့လည်း VOA က ဖော်ပြပါတယ်။
ကုလကမဂ္ဂကတော့တိုက်ပွဲ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင်မှုဟာ ပုံမှန် အစီအစဥ်လို့ ပြောဆိုနေပေမယ့် စစ်ရေးအကဲခတ်သူတွေကတော့ စိုးရိမ်တကြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Ref: VOA,Reuters
ပုံစာ။ ကျင်းစန်းကျော့မှာ မီးလောင်နေတဲ့ ကုန်ကားတစ်စီး( ၂၃ နိုဝင်ဘာ ၂၀၂၃)
Feature Image Credit: Reuters



