ကောလဟာလကြောင့် ငွေစုပြုံထုတ်ခြင်းဂယက် ယခင်ကလို မိမိတို့ငွေကို ရာခိုင်နှုန်းပေးပြီးလဲလှယ်ရခြင်း ပြန်လည်ဖိတ်ခေါ်သလိုဖြစ်နေ

၂၀ နိုဝင်ဘာ၊၂၀၂၃

ကောလဟာလတွေကိုအကြောင်းပြုပြီး ဘဏ်တွေကနေ ငွေတွေ စုပြုံတိုးထုတ်ခါ လိုတာထက်လက်ဝယ်ထားရှိတာဟာ လုယက်ဓါးမြတိုက်မှုတွေကိုခံရနိုင်တဲ့အပြင် မိမိတို့ငွေ ဆုံးရံှုးနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဒေါက်တာလင်းအောင်က နိုင်ငံပိုင်သတင်းစာနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

နောက်ပြီး ဘဏ်တွေရဲ့ ပြင်ပမှာ ငွေသားတွေက လိုတာထက်ပိုပြီး ရောက်ရှိလည်ပါတ်ခြင်းအားဖြင့် အိမ်ခြံမြေ၊ရွှေဈေး၊ငွေဈေးကစားသူ တွေရဲ့ လှည့်ကွက်မှာ ပါဝင်ခဲ့ရင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူလူထုပဲ ဒုက္ခရောက်မယ်လို့ ဒေါက်တာလင်းအောင်က ဆက်ပြောတာတွေ့ရပါတယ်။

သူကဘဏ်အပ်ငွေတွေကို အာမခံတဲ့အကြောင်းနဲ့ ကောလဟာလတွေကို မယုံဖို့ အဓိကထားဆိုသွားတာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း ဘဏ်အပ်ငွေဆောင်ရွက်သူတွေက မိမိငွေကို မိမိစီမံခွင့်မရှိဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

ဒေါက်တာလင်းအောင်ကတော့ ငွေကြေးသန်း၁၀၀ အထက်ကျော်လွန်ထုတ်ယူနေသူတိုင်းရဲ့ စာရင်းအချက်အလက်တွေကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)ထံ ပေးပို့ရတာရှိပြီး၊သူတို့တွေကို ဗဟိုဘဏ်၊စသုံးလုံးနဲ့၊FIU တို့က အနီးကပ်စောင့်ကြည့်တာတွေ ဖြစ်တဲ့အတွက် စေးကစားမှုထဲမှာပါရင် ထိရောက်အရေးယူမယ့် အကြောင်းလည်း ပြောဆိုသွားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဘဏ်တွေမှာ ငွေစုပြုံထုတ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကြုံတွေ့နေရတဲ့ ဒုတိယမြောက်အခြေအနေဖြစ်ပြီး ပထမအကြိမ်တုန်းကလို နောက်ပိုင်း ငွေထုတ်ယူမှုပမာဏ ကန့်သတ်မှာကို စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။

ဗဟိုဘဏ်ဘက်ကတော့ ငွေထုတ်ယူမှုပမာဏကို ကန့်သတ်မထားဘူးလို့ ပြောထားပါတယ်။နောက်ပြီး ကောလင်း၊ထီးချိုင့် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမြို့အချို့က ဘဏ်အပ်နှံတွေနဲ့ စပ်လျဉ်းပြီး ဘဏ်စနစ်ဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားတာဖြစ်လို့ ဘဏ်ခွဲတိုင်းမှာ ထုတ်ယူလို့ ရတယ်လို့ ပြောဆိုပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *