၁၂ အောက်တိုဘာ၊၂၀၂၃
ကိုးရီးယားအမျိုးသမီးအား ကိုယ်ထိလက်ရောက်မှုဖြင့် ကိုးရီးယားနိုင်ငံမှထွက်သွားရန် မြန်မာအလုပ်သမားတစ်ဦးအပြစ်ပေးခံရသည့် အပြင် ဒဏ်ကြေးငွေ ကိုရီးယားငွေ ဝါန် သိန်း ၇၀ လည်း ပေးဆောင်ရကြောင်း ကိုးရီး ယားရောက် မြန်မာလုပ်သားများကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်က အသိပေးထားသည်။
စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမားတို့ စားသောက်ဆိုင် တစ်ခုသို့ ပျော်ပွဲစားသွားရောက်စဉ် မြန်မာလုပ်သားက သောက်စားပြီး သန့်စင်ခန်းကို ထသွားခဲ့ကာပြန် အထွက်တွင် သန့်စင်ခန်းသို့သွားသော ကိုရီးယား အမျိုးသမီး နှင့် လမ်းခုလပ်တွင် လက်ချင်း ထိမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကြောင့်ကိုရီးယား အမျိုးသမီးက ဆိုင်ဝန်ထမ်းကို အကျိုးအကြောင်း ပြောပြပြီး မြန်မာ လုပ်သားကို တောင်းပန်ခိုင်းရာမြန်မာ လုပ်သားကလည်း မူးနေ၍ သူနှင့်မထိဟု ယူဆကာ လုံးဝ တောင်းပန်ခြင်း မလုပ် ဘဲ မိမိနှင့် ထိမိခြင်း မရှိ၍ မတောင်းပန်ကြောင်း ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
“ကိုရီးယား အမျိုးသမီးက မတောင်းပန်ရင် ရဲတိုင်မယ် ပြောလို့ မြန်မာလုပ်သားက တိုင်ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဒါနဲ့ ကိုရီးယား အမျိုးသမီးက ရဲတိုင်လိုက်ပါတယ်။ရဲစခန်းမှာ နှစ်ဦးနှစ်ဖက် အစစ်ခံရတယ်။ရဲစခန်းမှာ အားလုံး စစ်ဆေးအပြီး အမှုကို တရားရုံးကို တင်လိုက်ပါတယ်။ တရားရုံး တရားသူကြီးရဲ့ အမိန့်စာရွက် ရောက်လာ တယ်”ဟုဆိုသည်။
ယင်းအမိန့်စာတွင် မြန်မာလုပ်သားက ကိုရီးယား အမျိုးသမီးအားကိုယ်ထိလက်ရောက် လုပ်ဆောင်မှုကြောင့် ဒဏ်ကြေးငွေ သိန်း ၇၀ ဝါန် ပေးဆောင်လိုက်ရကြောင်းနှင့် လက်ရှိ သက်တမ်းရှိ ဗီဇာကို ရုပ်သိမ်းကာ တစ်လအတွင်း မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွာရန် အမိန့် ထုတ်ပေးလိုက်ကြောင်းသိရသည်။