ကိုးကန့်တပ်ရဲ့ သေဒဏ်စီရင်မှု ဥရောပသမဂ္ဂ အပြင်းထန်ဆုံးရှုတ်ချ

၂၅ ဧပြီ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရဲ့ တုံချိန် ရပ်ကွက်က လူစည်ကားတဲ့နေရာမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က လူ ၁၀ ဦး ကို သေဒဏ်ချမှတ်လိုက်ပြီး ဒီ့အပေါ် ဥရောပသမဂ္ဂက ဒီကနေ့မှာ စာထုတ်ပြီး အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

ကိုးကန့်တပ်ရဲ့ သေဒဏ်စီရင်မှုကို ဥရောပသမဂ္ဂ ဘက်က စိုးရိမ်တုန်လှုပ်တဲ့ သတင်းလို့ သတ်မှတ်လိုက်ပြီး သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ပြစ်ဒဏ်လို့ မှတ်ချက်ပြုလိုက်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုတဲ့အကြောင်း လည်း မှတ်ချက်ပေးထားတာတွေ့ရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေတဲ့ ကိုးကန့်တပ် အနေနဲ့ မြင့်မားတဲ့ နိုင်ငံတကာစံနှုန်းနဲ့ အညီ တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းသင့်တယ် လို့ပါ ဥရောပသမဂ္ဂ က ပြောဆိုပါတယ်။

ကိုးကန့်တပ်ဘက်ကတော့ ဥရောပသမဂ္ဂ ရဲ့ ရှုတ်ချတဲ့ အပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

သတင်းတွေအရတော့ ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က အသက် ၃၆ နှစ်အရွယ် ကိုးကန့်တပ် ခရိုင်မှူး အဆင့်ရှိသူတစ်ဦးနဲ့ တပ်သားနှစ်ဦးတို့ကို လူအများရှေ့မှာ သေဒဏ်ပေးခဲ့ပါတယ်။

သေဒဏ်ပေးရတာက ခရိုင်မှူးဟာ သူ့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး ၂၀၂၃ ဇူလိုင်လက နေ စက်တင်ဘာလအတွင်း မြန်မာယာဉ်မောင်း နှစ်ဦး၊ တရုတ်နိုင်ငံသား ၁၀ ဦးကျော်၊ ဗီယက်နမ်နိုင်ငံသား ခြောက်ဦးတို့ကို ပြန်ပေးဆွဲခဲ့ပြီး အဲဒီထဲက တရုတ်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှုကြောင့်လို့ ကိုးကန့်တပ်ဘက်ကတော့ အကြောင်းပြထားပါတယ်။

နောက်ပြီး သေဒဏ်ထဲပါတဲ့ ထောက်ပို့ဌာနနဲ့တပ်မဟာ-၃၁၁ က တပ်သားနှစ်ဦးကတော့ လက်နက်တွေ ခိုးယူရောင်းချမှု၊ လူသတ်ပြန်ပေးဆွဲမှု တွေမှာ ပါဝင်တာကြောင့် လို့ ပြောဆိုထားပါတယ်။

ဒီစီရင်မှုကို ပြုလုပ်ခဲ့တာလို့ လောက်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ အခုလို စီရင်မှုကို ပထမဦးဆုံးပြုလုပ်တာဖြစ်ပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *