၂၃စက်တင်ဘာ၊၂၀၂၃
မြန်မာနိုင်ငံတွင် ကိုရီးယား PANKO အထည်ချုပ်လုပ်ငန်းက ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း PANKO Corporation က ထုတ်ပြန်ထားသည်။
PANKO Corporation မှာ တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အထည်ချုပ်ကုမ္ပဏီ ဖြစ်ပြီး လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ် ညောင်အင်းကျေးရွာ အုပ်စုတွင် စက်ရုံတည်ထောင်၍ လုပ်ကိုင်လျက် ရှိသော လုပ်ငန်း တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ယင်း စက်ရုံအနေဖြင့် မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းများ တင်သွင်း၍ စက်ရုံ လည် ပတ်နေပြီး မကြာမီတွင် ချည်ထုတ်လုပ်ရေး လုပ်ငန်းနှင့် ဆေးဆိုးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ကိုရီးယား PANKO Corporation တို့ တွေ့ဆုံခဲ့ပြီး အထည်ချုပ်စက်ရုံ တိုးချဲ့ခြင်းအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြသေးကြောင်းလည်း သိရသည်။
PANKO Corporation အနေဖြင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကပင် မြန်မာ့အထည်ချုပ်ကဏ္ဍ အတွက် ပဲခူးမြို့တွင် အမေရိကန်ဒေါ်လာ ၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
လက်ရှိမှာလည်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် Panko Bago CMP အထည်ချုပ်စီမံကိန်း ကို ၂၀၂၂ ခုနှစ် မတ်လကစတင်၍ စီမံကိန်း အပိုင်း ၁ ကို လုပ်ကိုင်နေ ကြောင်း သိရသည်။
အဆိုပါ Panko Bago စီမံကိန်း၏ ရည်ရွယ်ချက်မှာ လာမည့်၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီမံကိန်း အပိုင်း ၁ အပြင် အပိုင်း ၂ ၊ ၃ နှင့် ၄ တို့ကိုပါ အပြီး သတ် အကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်လျက် ရှိသည့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအတွင်းအကောင်အထည်ဖော်သော လုပ်ငန်းများမှာ CMP စနစ်ဖြင့် ချုပ်လုပ်သော အထည်ချုပ်စက်ရုံ စီမံကိန်းများ ဖြစ်ပြီး စီမံကိန်းအပိုင်း ၁ တွင် အလုပ်သမား ၂၄၀၀ ကျော်ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု တိုးတက်စေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ဆိုးလ်မြို့ရှိ Panko Co., Ltd. ရုံးချုပ်သို့ သွားရောက်လေ့လာခဲ့ကာ မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသေးသည်။
Panko Co., Ltd. အနေဖြင့် ဗီယက်နမ်နိုင်ငံတွင် အထည်ချုပ်စက်ရုံ၊ ချည်ထည်ယက်လုပ်သည့် စက်ရုံနှင့် ဆိုးဆေး စက်ရုံများ တည်ထောင်ထားသည့်အပြင် မြန်မာနိုင်ငံတွင်လည်း အလုပ်သမား ၂,၄၀၀ ကျော်ဖြင့် အထည်ချုပ်စက်ရုံတစ်ရုံ တည်ထောင်ထားပြီး ဖြစ်သောကြောင့် ထပ်မံရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရေး ပံ့ပိုးကူ ညီပေးရန်လည်း ရှိကြောင်း သိရသည်။