“ကျောင်းဆိုတာဟာ ကလေးတွေအတွက်ပဲ မဟုတ်ပါဘူး၊ ဆရာတွေအတွက်ပါ ပိုပြီးတော့ ပျော်စရာကောင်းတဲ့ နေရာတွေ ဖြစ်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်”

Photo Credit: Makoto Hattori
ကျော်ကျော်စိုး( ဂျပန်)
ဆရာဆိုတာ သင်ကြားပေးဖို့ပဲဖြစ်တယ်လို့ လူအများ တွေးကောင်းတွေးကြမှာပါ။ အဲဒီလိုပဲ ကလေးတွေရဲ့ အခြေခံတာဝန် က ဆရာက သင်ကြားပြသပေးတာကို ဦးဏှောက်ထဲဝင်အောင် ကြိုးစားဖို့ပဲလို့ တွေးကောင်းတွေးကြမှာပါပဲ။ ဒါဟာ သင် ကြား မှု၊ သင်ယူလေ့လာမှုနဲ့ပတ်သက်ပြီး နှစ်ပေါင်းကြာရှည်စွာ လက်ခံထားခဲ့ကြတဲ့ အချက်ဖြစ်ပါတယ်။ အခုတော့ အဲဒါ ဟာ လုံလောက်တဲ့ အကြောင်းအချက် မဟုတ်တော့ပါဘူး။
အခုဆိုရင် ဆရာတွေဟာ ကလေးတွေကို လမ်းညွှန်ပေးဖို့ မျှော်လင့်လာကြပြီး အဲဒါမှပဲ ကလေးတွေဟာ ကိုယ့်ဖာသာကိုယ် လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီဟာက ကလေးတွေ ကျောင်းမှာ ကျန်းမာပျော်ရွှင်စွာနဲ့ လေ့လာသင်ယူနိုင်ဖို့ သော့ချက်ကျတဲ့ အနေအထားသစ်ကို ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက တိုကျိုမြို့ စဲတာ့ဂါယာ့ (Setagaya) မြို့နယ်ထဲမှာရှိတဲ့ စဲတာ့ဂါယာ့ မူလတန်းကျောင်းကို ဂျပန်နိုင်ငံ တစ်ဝန်းက မူလတန်းကျောင်းဆရာတွေ ရောက်လာခဲ့ကြပါတယ်။ အဲဒီကျောင်းမှာ ဆရာတွေအတွက် “ဘက်စုံပေါင်းစု လေ့လာမှု” (Integrated Studies) သင်တန်းကို ဖွင့်လှစ်ခဲ့တော့ ဆရာတွေဟာ အဲဒီနည်းလမ်းတွေသုံးပြီး ဘယ်လိုသင်ကြား ပေးသလဲဆိုတာ လေ့လာဖို့ ရောက်လာခဲ့ကြတာပါ။
ဘက်စုံပေါင်းစုလေ့လာမှုဆိုတာ ဂျပန်က မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ အကောင်အထည်ဖော်နေတဲ့ သင်ရိုး ညွှန်းတန်း ဘောင်တွေကို ကျော်လွန်တဲ့လေ့လာမှု ဖြစ်ပါတယ်။ ကလေးတွေဟာ လက်တွေ့ဘဝမှာ ကြုံတွေ့ရတဲ့ အကြောင်း ကိစ္စရပ်တွေနဲ့ ဆက်နွယ်တာတွေကို စီမံချက်အမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ပြီး အဲဒါက ပြဿနာဖြေရှင်းရေး နဲ့ပတ်သက် တဲ့ စွမ်းရည်တွေရရှိဖို့ လေ့လာနိုင်မှာဖြစ်ပါတယ်။
၂ ရက်ကြာပြုလုပ်ခဲ့တဲ့ အဲဒီပွဲကို ကျနော် တက်ရောက်ခဲ့ပါတယ်။ စာသင်ခန်းတိုင်းဟာ အသက်ဝင်လှုပ်ရှားနေပြီး ကလေး တွေ ဟာ သူတို့လုပ်ရမယ့်အရာတွေကို သိထားတဲ့ပုံမျိုးနဲ့ အားကြိုးမာန်တက်လှုပ်ရှားနေတာကို မြင်တွေ့ခဲ့ရတယ်။

ဥပမာအနေနဲ့ ပြောရရင် ၅ တန်း ကလေးတွေရဲ့ အတန်းတစ်တန်းမှာ သူတို့ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ စပါးကနေထွက်တဲ့ ဆန်ကိုသုံးပြီး ဆန်မုန့်ကြွပ်ကို ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားကြပါတယ်။ ကလေးတချို့က ဆန်ဖွတ်ကြတယ်၊ တချို့က တော့ အုတ်တွေစီပြီး ဖုတ်မယ့်မီးဖိုအတွက် ဒီဇိုင်းဆွဲနေကြတယ်။ တချို့ကျတော့ အဲဒီစီမံချက်ကို အကောင်အထည် ဖော် မယ့်အစီအစဉ်တွေ၊ ဘတ်ဂျက်တွေကို ရေးဆွဲနေကြတယ်။
၆ တန်း ကလေးတွေရဲ့ အတန်းတွေမှာတော့ တချို့ကလေးတွေက ဆိတ်မွေးမြူတာကိုလုပ်ကြတယ်၊ တချို့ကလေးတွေက ကိုယ်လက်လှုပ်ရှားအားကစားကိရိယာတွေကို ဆောက်လုပ်တပ်ဆင်နေကြ တယ်။ ကလေးတွေက သူတို့တတွေရဲ့ လှုပ်ရှား မှု တွေကို ပေါင်းစုပြီး တခြားကလေးတွေပါ အားလုံးတပျော်တပါးနဲ့ ကစားနိုင်မယ့် အပန်းဖြေပန်းခြံအသေးစားလေးတစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတဲ့အကြောင်း ရှင်းပြခဲ့တယ်။
“ကလေးတွေဟာ ဆရာတွေဆီက ညွှန်ကြားချက်တွေမပါဘဲနဲ့ တက်တက်ကြွကြွနဲ့ လုပ်ကြတယ်” လို့ ၆ တန်း ကလေးတွေ ရဲ့ အတန်းပိုင်ဆရာတွေထဲက တစ်ဦးဖြစ်တဲ့ Kyosuke Murakami က ပြောပါတယ်။
၆ တန်းကျောင်းသူလေးတစ်ဦးဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် Mitsuki Tsuchiya က “ဒီကျောင်းမှာ ဘယ်သူပဲဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖို့အတွက် အရမ်းကိုလွယ်တယ်” လို့ ပြောပါတယ်။
အဲဒီလိုပဲ Sakura Inose က “ဒီကျောင်းမှာ အာရုံစိုက်လုပ်ဆောင်နေတဲ့ ဘက်စုံပေါင်းစုလေ့လာမှုမှာ ကျမတို့ဟာ ကိုယ့်ဖာ သာကိုယ် အများကြီးတွေးတောရတယ်၊ ကျမတို့ ဘာတွေတွေးတွေး ဆရာတွေက လုပ်ခွင့်ပေးတယ်၊ ဆိတ်တွေမွေးချင် တယ်လို့ ပြောတာတောင် ဆရာတွေက ခွင့်ပြုတယ်” လို့ ပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် ကျောင်းအုပ် Yoshimi Kaneko က ဆရာတွေဟာ ကျောင်းသားတွေ လုပ်ချင်တာမှန်သမျှကို လွယ်လွယ်လေးနဲ့ ခွင့်ပြုတာမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ “သူတို့တတွေအတွက် လေ့လာနိုင်မယ့်ပတ်ဝန်းကျင်ကို အသေး စိတ်ပြင်ဆင်ပေးတယ်၊ ဥပမာအနေနဲ့ ပြောရရင် ဆိတ်တွေနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေတွေနဲ့ ပြဿနာတွေကို သတ်မှတ်နိုင်ဖို့အတွက် ကျနော်တို့ဟာ ဆိတ်တွေမွေးထားတဲ့ ကျောင်းတချို့ကို သွားခဲ့တယ်၊ ဆိတ်တွေက အိမ်နီးနား ချင်းတွေ ကို အနှောက်အယှက်ပေးတာမျိုး လုံးဝမဖြစ်အောင်လည်းလုပ်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
“လူတိုင်းနဲ့သက်ဆိုင်ပြီး ပျော်စရာကောင်းတဲ့ကျောင်းတစ်ကျောင်းကို ကျနော်တို့ ဖန်တီးချင်ပါတယ်၊ အဲဒီအတွက် ဘယ်သူမှ ကျန်ရစ်ခဲ့တာမျိုး မဖြစ်စေချင်ပါဘူး၊ ဒီရည်မှန်းချက်ကို ရောက်ဖို့ဆိုရင် ကျောင်းသားတွေကိုယ်တိုင်က သူတို့လုပ်ချင်တာ တွေ လုပ်လို့ရမယ်ဆိုတာကို ယုံကြည်ဖို့က အရေးကြီးတယ်” လို့ ကျောင်းအုပ် Kaneko က အလေးပေးပြောဆိုပါတယ်။ ကျောင်းမတက်ချင်တဲ့ကလေးတချို့တောင် အခုဆိုရင် ဘက်စုံပေါင်းစုလေ့လာမှုအတွက် ကျောင်းကို လာကြပြီလို့လည်း သူက ပြောပါသေးတယ်။
ဘက်စုံပေါင်းစုလေ့လာမှု ပြုလုပ်ကြတဲ့အချိန်မှာ ကလေးတွေဟာ ဂျပန်စာ၊ သင်္ချာ နဲ့ သိပ္ပံ ဘာသာရပ်တွေ အပါအဝင် သူတို့ လေ့လာခဲ့ရတဲ့ အကြောင်းအရာအမျိုးမျိုးကရခဲ့တဲ့ ဗဟုသုတ၊ အရည်အသွေးတွေအပေါ် အခြေခံပြီး လုပ်ကိုင်လှုပ် ရှားကြ တယ်။ လူမှုဖူလုံရေး၊ နိုင်ငံတကာ ဆိုင်ရာနားလည်မှု၊ သဘာဝပတ်ဝန်းကျင်ပြဿနာတွေလိုမျိုး ကိစ္စအမျိုးမျိုးနဲ့ပတ်သက်တဲ့ အဖြေတွေကို ရှာဖွေဖို့ စဉ်းစားတွေးတောကြပါတယ်။

ဒီဟာက ကျောင်းပညာရေးမှာ အရေးပါတဲ့နေရာကို ကျယ်ကျယ်ပြန့်ပြန့်ရောက်လာနေတယ်၊ ဘာကြောင့်လဲဆိုတော့ ခန့်မှန်း တွက်ဆဖို့ခက်ခဲလာနေတဲ့ အမြဲပြောင်းလဲနေတဲ့ ဒီခေတ်ကြီးထဲ ရှင်သန်နိုင်ရေး ကလေးတွေမှာ လိုက်လျောညီထွေတဲ့ အရည် အသွေးတွေရှိလာစေဖို့ အတွက် ဘက်စုံပေါင်းစုလေ့လာမှုက ပေးစွမ်းလို့ပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အဲဒီလို လေ့လာမှုတွေက သူတို့ရဲ့ ဒေသန္တရလူမှုအသိုက်အဝန်းအတွင်း ဒါမှမဟုတ် နေ့စဉ်ဘဝထဲက အကြောင်းကိစ္စတွေကို သတ် မှတ် တာ၊ ဘာလုပ်ကြမလဲဆိုတာ စဉ်းစားကြတာ၊ စမ်းကြည့်လိုက် မှားယွင်းချက် အားနည်းချက်တွေကို ပြုပြင်ပြီး ရှေ့ဆက်ဖော်ဆောင်တာ စတာတွေကို လုပ်နိုင်ပါတယ်။ အဲဒါက ပြဿနာဖြေရှင်းရေးအတွက် လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို စဉ်းစားတွက်ချက်နိုင်စေပါတယ်။
ဘက်စုံပေါင်းစုလေ့လာမှု ပြုလုပ်တာဟာ ကလေးတွေ ကျောင်းပျော်ဖို့ အထောက်အကူ ဖြစ်စေပြီး ကျန်းမာပျော်ရွှင်ရေး အတွက် အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။
ကလေးတွေ ကျောင်းနေဘဝမှာ ပျော်ရွှင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းက ကျောင်းတွေကို ဆွဲဆောင်မှုပိုရှိတဲ့ ကျောင်းအဖြစ် ရောက်ရှိအောင် ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက် လုပ်စရာအလုပ် နှစ်ခု ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ သင်ခန်းစာတွေဟာ ပျော်စရာကောင်းပြီး အလွယ်တကူနဲ့ နားလည်နိုင်ရပါလိမ့်မယ်။ ဒုတိယအနေနဲ့ ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိစေဖို့ပါပဲ။ ဒီအချက် နှစ်ချက် ကြီးမားတဲ့အတိုင်းအတာအထိ ပေါက်မြောက်စေဖို့ဆိုရင် ဘက်စုံပေါင်းစုလေ့လာမှုတွေကတဆင့် လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်။

ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဝန်ကြီးဌာနက ဘက်စုံပေါင်းစု လေ့လာမှုကို အာရုံထားပြီး တိုးမြှင့်လှုံ့ဆော်နေတဲ့အတွက် ဘယ်လိုလုပ်ကိုင်ကြသလဲဆိုတာကို လေ့လာဖို့ ဆရာအများအပြားဟာ လေ့လာမှု ပြုတဲ့ကွန်ဖရင့်တွေ၊ အဆင့်မြင့်ကျောင်းတွေက လွတ်လပ်ပွင့်လင်းတဲ့သင်တန်းတွေကို တက်ရောက်ကြပါတယ်။ ကလေး တွေက အသက်ဝင်လှုပ်ရှားတဲ့နည်းလမ်းတွေနဲ့ လေ့လာနေကြတာတွေကို အဲဒီဆရာတွေ လက်တွေ့မြင်ကြရတယ်။ အဲဒါတွေကို သူတို့ရဲ့ကျောင်းတွေဆီ ယူသွားဖို့အတွက် အတော်လေး စိတ်အားထက်သန်ကြတယ် ဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်ကျောင်းတွေကနေ သူတို့ ယူလာတဲ့အလေ့အကျင့်တွေဟာ ဆရာအားလုံးနီးပါး သိရှိထားတဲ့ သင်ခန်းစာတွေနဲ့ အင်မတန်မှကို ကွဲပြားခြားနားလို့ပါပဲ။
ဆရာအတော်များများက သူတို့တတွေဟာ များနိုင်သမျှများများ သင်ကြားပေးဖို့ တာဝန်ရှိတယ်လို့ ခံယူကြပါတယ်။ သူတို့ရဲ့အလုပ်ဟာ သင်ကြားပေးဖို့ဖြစ်တယ်ဆိုတဲ့ အတိတ်ကာလကတည်းက စွဲနေခဲ့တဲ့ စကားလုံးကြောင့် ဒီလိုမျိုးစိတ် ပြင်းပြင်းပြပြရှိကြပါတယ်။ များများမသင်ပေးရင် သူတို့ဟာ ပျင်းတဲ့ဆရာတွေဖြစ်တယ်လို့ အထင်ခံရမှာကို တွေးမိကောင်း တွေးမိတဲ့အတွက်လည်း ဖြစ်ပါတယ်။ ဒီလိုစိတ်ဟာ မိဘတွေဆီမှာလည်း အလားတူဖြစ်ပေါ်လေ့ရှိပါတယ်။ ကလေးတွေ သူတို့ဖာသာသူတို့ ရှာဖွေလေ့လာတာတွေလုပ်တဲ့အခါ ကလေးတွေရဲ့ မိဘတွေက ဆရာတွေဟာ ကလေးတွေကို ဘာမှ မသင် ပေးဘူးလို့ တခါတလေ မကျေမနပ်နဲ့ ပြောတာမျိုးတွေ ရှိပါတယ်။ အဲဒီဖိအားကို ခံရတဲ့အတွက် တချို့ကျောင်း တွေ ဟာ ဘက်စုံပေါင်းစုလေ့လာမှုနဲ့ ပတ်သက်တာတွေကို ဖြတ်တောက်လျှော့ချတာတွေလုပ်ပြီး အရင်တုန်းကပုံစံအတိုင်း ဦးဏှောက်ထဲ အတင်းသွတ်သွင်း သင်ကြားတဲ့နည်းလမ်းတွေဆီ ပြန်သွားကြတော့တယ်။
ကလေးတွေ သူတို့လုပ်ချင်တာတွေကို လွတ်လွတ်လပ်လပ်နဲ့လုပ်ခွင့်ပြုတယ်ဆိုတာဟာ သူတို့ကိုပေးတဲ့လမ်းညွှန်ချက် အားလုံး ကို ဖြေလျှော့ လိုက်တယ်ဆိုတဲ့အဓိပ္ပာယ် မဟုတ်ပါဘူး။ ဆရာတွေအနေနဲ့ ကလေးတွေတောင်းဆိုတာတွေကို အသေးစိတ် လေ့လာသင့်ပါတယ်။ သူတို့ကိုလုပ်ခွင့်မပြုမီမှာ သူတို့လုပ်ချင်တာတွေရဲ့ ဖြစ်နိုင်ခြေ၊ ဆက်နွယ်နေတဲ့ကိစ္စရပ် တွေ နဲ့ ဆက်စပ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီလိုဖြစ်နိုင်ခြေတွေကို ဆရာတွေက ဘယ်လောက်အထိ ဂရု တစိုက်နဲ့ စဉ်းစားတွက်ချက် တွက်ချက်၊ ကလေးတွေသတ်မှတ်တဲ့ ကိစ္စရပ်တွေနဲ့ မတူတဲ့အခါ စူးစမ်းရှာဖွေလေ့လာဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး၊ အဲဒီလိုအခါမျိုးမှာ ဆရာတွေဟာ နောက်ထပ်အကြောင်းကိစ္စကို ပြောင်းပြီး ဆက်လုပ်ဖို့ပါပဲ။
ဆရာတွေအနေနဲ့ ဘယ်အကြောင်းအရာကိုပဲသင်သင် ကလေးတွေက ဘာလုပ်ချင်သလဲဆိုတာကို သိဖို့ဟာ လေ့လာသင်ယူ မှုနည်းလမ်းတွေ ပေါများကြွယ်ဝစေဖို့အတွက် မရှိမဖြစ်ဆိုတာ နားလည်ထားရပါမယ်။
ကျနော်တို့အားလုံး လုပ်ဖို့လိုတာက ကလေးတွေရဲ့ စွမ်းရည်တွေကို လက်ရှိထက် ပိုပြီးယုံကြည်ဖို့ ပါပဲ၊ ကလေးတွေဟာ သဘောသဘာဝအရ တက်ကြွသွက်လက်တဲ့ လေ့လာသူတွေဖြစ်တယ်။
ကျောင်းဆိုတာဟာ ကလေးတွေအတွက်ပဲ မဟုတ်ပါဘူး၊ ဆရာတွေအတွက်ပါ ပိုပြီးတော့ ပျော်စရာကောင်းတဲ့ နေရာတွေ ဖြစ်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။
(ဂျပန်နိုင်ငံထုတ် Yomiuri သတင်းစာပါ Makoto Hattori ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကောက်နှုတ်ဘာသာပြန်ဖော်ပြလိုက်ပါတယ်။ သင်ကြားမှု လေ့လာသင်ယူမှုနဲ့ ပတ်သက်ပြီး ပြောင်းလဲလာနေတဲ့အကြောင်း ရေးထားတဲ့ဆောင်းပါး ဖြစ်ပါတယ်။ စဉ်းစားတွေးတောမှု ပြောင်းလဲရေး ဖြစ်ပါတယ်။)
- SOURCE: “With integrated studies, teach children less to let them learn more”
- By Makoto Hattori, January 7, 2023
- The Japan News (Yomiuri)