ကရင်ပြည်နယ်ကို သယ်ဆောင်မည့် ကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်၊ကက်တမင်း နှင့် ဘိန်းဖြူများကို မန္တလေးတွင် ဖမ်းမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ပတ်လမ်း၊ ထင်းရှူးတောအနီး သတင်းရရှိထားသည့် Canter ၆ ဘီး မော်တော်ယာဉ်ကိုရှာဖွေခဲ့စဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ယင်း မော်တော်ယာဉ် ယာဉ်မောင်း စိုင်းဆိုင်မိုင်း ၊ ယာဉ်နောက်လိုက် စိုင်းရှင်းသန့်ဇင် တို့နှင့်အတူ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၇၀၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် မူးယစ်ဆေးဝါး ဘိန်းဖြူ ၇၀၀ ဂရမ်တို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိမူးယစ်ဆေးဝါးများကို ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရန် ရောက်ရှိပူးပေါင်း ဆောင်ရွက်သူများဖြစ်သည့် ရဲနောင်၊ နေလင်းထိုက် နှင့် လန်ဒိုမုန် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၁၀ ရက် မွန်းတည့်အချိန် ပြည်ကြီးတံခွန်မြို့နယ်၊ Garden City အိမ်ရာဝင်းတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဝင်းကျော်သူ၊ အောင်ဇော်မျိုး တို့အား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ စိုင်းဖ(ခ)အောင်မင်းခန့် ၏ နေအိမ်မှ မြန်မာငွေကျပ်သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာ၊ မော်တော်ယာဉ် ၃ စီး ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း လည်း သိရသည်။
ယခုအခါ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ ယာဉ်၊ နေအိမ်တိုက်ခန်းနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။