များမကြာတဲ့ နှစ်ကစလို့”ရွှေ” ဆိုပြီး အင်တာနက်ဖွင့် ရိုက်ထဲ့လိုက်တာနဲ့ အံ့ဩစရာကောင်းလောက်တဲ့ သတင်းတွေ၊ဆောင်းပါတွေ အတော်ကို ရှုပ်ရှုပ်ထွေးထွေး အများအပြား ဖော်ပြထားတာ တွေ့ကြရမှာပါ။
အများဆုံးတွေ့ရမှာက ရွှေဈေးမြင့်မားလာတဲ့ အကြောင်းပါ။
၂၀၂၃ခုနှစ် အောက်တိုဘာလကစပြီး မြင့်တက်လာတဲ့ ရွှေဈေးက မေလ ၂၀ ရက်အရောက်မှာတော့ ရွှေ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၄၅၀ဈေး အထိ အမြင့်ဆုံးစံချိန်ရောက်သွားခဲ့ပါတယ်။
ဇွန်လ ၆ရက်နေ့မှာတော့ ရွှေဈေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ၂၃၇၃ဝန်းကျင်နဲ့ အရောင်းအဝယ်တွေ ပြန်ဖြစ်ခဲ့ကြတယ်။ ဒီဈေးဟာ ပေါက်ဈေးထက် ပိုများနေသေးတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက မှတ်ချက်ပေးကြတယ်။
၂၀၂၀ခုနှစ် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဝယ်လိုအားများလာတဲ့ အချိန်တုန်းကတောင်ရွှေတစ်အောင်စ ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၂၀၇၅ ပဲရှိခဲ့တာပါ။ ဒါက ကမ္ဘာတစ်ဝန်း ရွှေကို အလုအယက်ဝယ် နေကြတဲ့အခြေအနေမှာ ပေါက်တဲ့ဈေးပါ။
အဲ့ကာလက တရုတ်နိုင်ငံမှာလည်း ရွှေအတုံးအခဲတွေကို မြေပဲဆံ ဝယ်သလို၊ သစ်သီးတွေ ဝယ်သလို အွန်လိုင်းကနေ အများအပြားဝယ်ခဲကြတယ်။
ကိုးရီးယားနိုင်ငံမှာလည်း လက်ချောင်းနီးပါးလောက်အရွယ်ရှိတဲ့ ရွှေချောင်းငယ်တွေ အရောင်း အဝယ်များခဲ့တယ်။
ဒါဟာ လူတွေက ရွှေအပေါ် ရှုမြင်ပုံက အပြုသဘောဆောင်တဲ့ အနေအထားလို့ အများကယူဆကြတယ်။
နိုင်ငံအလိုက် ဗဟိုဘဏ်တွေကလည်း ငွေကြေးမူဝါဒတွေကို အမျိုးမျိုးသော အရှိန်အဟုန်နဲ့ ဖြေလျှော့ပေးလာပေမယ့်လည်း အရောင်းအဝယ်က တန့်မသွားခဲ့ပါဘူး။
ရွှေအလုအယက်ဝယ်ရတဲ့ နောက်ကွယ်ကအကြောင်းတရားများ
ရွှေဝယ်စုရတဲ့ အကြောင်းရင်း သုံးခုရှိတယ်လို့ ဆိုပါတယ်။
ပထဝီဝင်နိုင်ငံရေး
ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်လာတာမို့ ရင်းနှီးမြှုပ်နှံသူတွေဟာ လက်ဝယ်ပိုင်ပိုင်ရှိနိုင်တဲ့ ရွှေဆီကို လမ်းကြောင်းပြောင်းကုန်ကြ တာလို့ဆိုပါတယ်။ သက်သေရှာကြည့်ရင် ရုရှာက ယူကိန်းကို ကျူးကျော်လိုက်ကတည်းက တက်တဲ့ရွှေဈေး ခုထိပြန်မကြဘူး ဆိုတာ ဥပမာတစ်ခုပါ။
အမေရိကန်သမ္မတရွေးကောက်ပွဲ
လာမယ် ၂၀၂၄ နိုဝင်ဘာလမှာ ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြိုကာလကတည်း က ရွှေဈေးက တက်ရိပ်ပြနေပါပြီ။
အကြောင်းက ဒီလိုပါ။ ဒေါ်နယ် ထရမ့် အမေရိကန်သမ္မ ပြန်ဖြစ်လာခဲ့ရင် သူနဲ့ တရုတ်နိုင်ငံကြားက လိပ်ခဲတည်းလည်း ဖြစ်နေသေးတဲ့ ကုန်သွယ်ရေးစစ်ပွဲ ပြန်ဖြစ်လာမှာကို စိုးရိမ်စိတ်ရှိကြလို့ပါ။
ထရမ့်က သူသမ္မတ တာဝန်ယူစဉ်တုန်းက တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၆၀ရာခိုင် နူန်းဒါမှမဟုတ် ဒိထက်ပိုတဲ့ နူန်းနဲ့ ကောက်ခံမယ်ဆိုတဲ စကားက အခုထိရှိနေသေးလို့ပါ။
မှတ်မှတ်ရရရှိကြဦးမှာပါ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရိပ်အယောင်တွေ သန်းလာတဲ့ ၂၀၁၈၊ ၂၀၁၉ ကာလတွေမှာ ရွှေဈေးတွေ တက်သွာတာ မေ့လျှော့သွားလို့ မရပါဘူး။
ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်ယူမှု
၂၀၂၂ခုနှစ်၊၂၀၂၃ခုနှစ် ကာလတစ်လျှောက် ဗဟိုဘဏ်တွေ က ရွေတန်ချိန် ထောင်နဲ့ချီပြီး ဝယ်ခဲ့ကြတယ်။
ဒီအရှိန်အဟုန်က ၂၀၂၄ အထိ ဆက်ရှိနေတယ်။ တရုတ်နိုင်ငံတစ်နိုင်ငံထဲက ၂၀၂၃ခုနှစ်မှာ အရန်ရွှေသိုလှောင်ဖို့ ရွှေတန်ချိန် ၂၂၅တန်အထိ ထပ်ဝယ်ခဲ့တယ်။ဒါ့အပြင် ၂၀၂၄ခုနှစ် ဧပြီအထိ တရုတ်ဗဟိုဘဏ်က ဆက်တိုက် ဘဏ်ထဲကို ရွှေတွေ ဖြည့်ခဲ့တယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေကို ပြန်တိုက်ကြည်လိုက်ရင်တော့ ကမ္ဘာမှာ ရွေဈေးတွေ ဆက်တိုက် တက်နေရတဲ့ အကြောင်းတရားဇစ်မြစ်ကို အတန်အသင့် နားလည်နိုင်ကြမယ်လို့ ထင်မြင်မိပါတယ်။
ကိုးကား။ CNA,CNN,REUTRES



