
Photo Credit : SKA
နော့သန်းကိတ်၊ဒီဇင်ဘာ ၅
၂၁ရာစုရဲ့ အကြီးမားဆုံးစီမံကိန်းတွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပရောဂျက်တွေထဲမှာ ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံးအဝေးကြည့် မှန်ပြောင်းကြီး ဆောက်လုပ်ရေး ပထမ အဆင့်ကို ဒီဇင်ဘာ ၅ရက်နေ့ တနင်္လာနေ့ က တောင်အာဖရိကနိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေမှာ စတင်ခဲ့ကြတယ်လို့ သိရပါတယ်။
တည်ဆောက်နေတဲ့ မှန်ပြောင်းကြီးကို နှစ်နိုင်ငံချိတ်ဆက် တည်ဆောက်မှာ ဖြစ်ပြီး တောင်အာဖရိကနိုင်ငံ နော့သန်းကိတ်မှာရှိတဲ့ ကာရူးလို့ ခေါ်တဲ့ ဒေသနဲ့ သြစတြေးလျရဲ့ အနောက်ဘက် ဝေးလံခေါင်သီတဲ့ မာကစ်ဆန်ရှိုင်းယား ဆိုတဲ့ ဒေသနှစ်ခုကို ချိတ်ဆက်ပြီး အကောင်ထည်ဖော်နေကြပြီလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံပေါင်း တယ်လီစကုတ်စခန်းက ၅၁၂ခု ရှိမှာ ဖြစ်ပြီး တောင်အာဖရိကမှာတော့ စခန်း၂၀၀ ပါဝင်မယ်လို့လည်း သိရပါတယ်။
အဲဒိမှန်ပြောင်းကြီးကို ၂၀၂၈ခုနှစ်မှာ အပြီးတည်ဆောက်မှာ ဖြစ်ပြီး ပြီးစီးတဲ့အခါမှာတော့ တစ်ကီလိုမီတာ ပတ်လည် အရွယ် အထိကြီးတဲ့ ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုတ်တွေ ဖြစ်လာမယ်လို့ သိရပါတယ်။ နာမည်ကိုတော့ Square Kilometer Array (SKA) လို့ လောလောဆယ်မှာ ခေါ်ဝေါ်သုံးနှုံးနေတယ်လို့ ဆိုပါတယ်။
မှန်ပြောင်းစခန်းတွေက တောင်အာဖရိကနဲ့ ဩစတေးလျ မှာ တည်ရှိနေပေမယ့် ဌာနချုပ်ကတော့ ယူကေမှာ အခြေစိုက်မှာ ဖြစ်ပြီး နက္ခတ္တဗေဒဆိုင်ရာ အကြီးမားဆုံး မေးခွန်းတွေကို ဖြေကြားပေးနိုင်မှာ ဖြစ်ပါတယ်။
“ဒါဟာ အနှစ် ၃၀ ခရီးစဉ်ပါ။ ပထမ ၁၀နှစ်က အယူအဆတွေနဲ့ စိတ်ကူးတွေကို တီထွင်တဲ့ အဆင့်ပါ။ ဒုတိယ ၁၀နှစ် က တော့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်တဲ့ အဆင့် ဖြစ်ပြီး နောက်ဆုံးဆယ်စုနှစ်ကတော့ အသေးစိတ် ဒီဇိုင်းတွေ၊ ဆိုဒ်တွေကို လုံခြုံအောင်၊ အစိုးရတွေ သဘောတူလာအောင်၊ စာချုပ်အဖွဲ့အစည်း (SKAO) ထူထောင်ပြီး စတင်ဖို့၊ ဒိ့အတွက်လည်း ရံပုံငွေ တွေ ထောက်ပံ့ပေးနေပါတယ်” လို့ Square Kilometer Array Organisation ရဲ့ ညွှန်ကြားရေး မှူးချုပ် ပါမောက္ခ ဖီးလ် ဒိုင်းမွန်း က ဘီဘီစီ ကို ပြောပါတယ်။
အနာဂတ်မှာ SKA ဟာ ကောင်းကင်ပေါ်က ပစ်မှတ်တွေ ကို စူးစမ်းပြီး ပြိုင်ဘက်ကင်းတဲ့ အာရုံခံနိုင်စွမ်းနဲ့ဆုံးဖြတ်ချက်တွေ ကို ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လည်ပတ်မှု စနစ်အနေနဲ့ အကြမ်းဖျင်း ၅၀ မီဂါဟတ်စ် ကနေ မှ နောက်ဆုံးမှာ၂၅ ဂိုက်ဂါဟတ်စ် အထိ ကြိမ်နှုန်းအကွာအဝေး ကိုဖြတ်ကာ လည်ပတ်မှာဖြစ်ပါတယ်။
“SKA ဟာ နက္ခတ္တဗေဒနယ်ပယ်များစွာကို အထောက်အကူပြုလိမ့်မယ်” လို့ နက္ခတ်ဗေဒင်လေ့လာရေးဌာနရဲ့ သိပ္ပံလုပ်ငန်းအကြီးအကဲ ဒေါက်တာ ရှရီ ဘရင်းက ပြောပါတယ်။
လက်ရှိ ပူးပေါင်းပါဝင်နေတဲ့ နိုင်ငံတွေကတော့ တောင်အာဖရိက၊ သြစတြေးလျ၊ ယူကေ၊ တရုတ်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်း ကာလတွေမှာလည်း ကနေဒါ၊ အိန္ဒိယ၊ ဆွီဒင်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပါဝင်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ ကွေ့ကျိုးမှာ ၂၀၂၀ က အပြီးသတ် တည်ဆောက်ခဲ့တဲ့ အချင်း၅၀၀ မီတာ ရှိတဲ့ မှန်ပြောင်းကြီးကတော့ ကမ္ဘာ့အကြီးဆုံး အဖြစ်ရပ်တည်နေပါတယ်။
Ref: BBC

Photo Credit: SKA