၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ်မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဥ်ပြိုင်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်းသည် နိုဝင်ဘာလ၁၈ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။



မြန်မာနိုင်ငံကို ရောက်ရှိလာသော မြောက်ကိုရီးယားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်းကို ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ကြပြီး ခေတ္တတည်းခိုနေထိုင်မည့် အင်းယားလိတ်ဟိုတယ်ကို ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။




နိုဝင်ဘာ၂၁ရက်ညနေ၄နာရီ၌ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်မြောက်ကိုရီးယားအသင်းတို့၏ ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်နှင့် ရိုးရိုးတန်း၂၀၀၀ ကျပ်ဖြင့် နိုဝင်ဘာ ၂၀ ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအ ထိ လည်းကောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မှာဖြစ်ပြီးနိုဝင်ဘာ၂၁ရက် နေ့လယ်၂နာရီမှ စတင်၍ အ ထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်း ကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


