ကင်ဆာဝေဒနာရှင်များ အတွက် ဓါတ်ရောင်ခြည်စက်အသစ်(၃)လုံး အခုနှစ်ထဲ တပ်ဆင်ဖို့ပြင်

◼️ရန်ကုန် ဒဂုံဆိပ်ကမ်းက ဆေးရုံသစ်မှာ

၁၉ ဖေဖော်ဝါရီလ ၊၂၀၂၄

ကျန်းမာရေးဝန်ကြီးဌာနက အသစ်ဆောက် လုပ်ပြီးစီးထားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနမှာ ဓာတ်ရောင်ခြည်ကုသစက်အသစ်(၃)လုံးကို ဒီနှစ်အတွင်း တပ်ဆင်သွားမယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီလ၁၇ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာရောဂါကုသရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ အသိပေးပြောကြားခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံတော်က ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသစက်အသစ်(၁)လုံး၊ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်နဲ့ ဝယ်ယူမယ့် ဓာတ်ရောင်ခြည်ကုသစက်အသစ်(၂)လုံးကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာနမှာတပ်ဆင်သွားမှာဖြစ်ပါတယ်။

ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများကို အရေးပေါ်အခြေအနေများမှာစောင့်ဆိုင်းမှု မရှိစေဘဲ ဆောင်ရွက်ပေးနေတယ်လို့ဆိုပြီး၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နဲ့တောင်ကြီးမြို့စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးတု့မှာ ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၁၂)လုံးအသုံးပြုကာ ကုသပေးနေတယ်လို့ အသိပေးထားပါတယ်။

ပိတ်ရက်များအပါဝင် ၂၀၂၃ ခုနှစ်အတွင်း ပြည်သူ့ဆေးရုံများမှာ ကင်ဆာဓာတ်ရောင်ခြည်ကုသမှု အကြိမ်ရေ (၁၁၀,၃၆၇)ကြိမ်အထိ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်တဲ့ ကုသမှုရရှိစေရေးအတွက် ၂၀၂၄ခုနှစ်မှာ ကင်ဆာရောဂါဆေးဝါးများဝယ်ယူရန်အတွက်ခွင့်ပြုရန်ပုံငွေ (၁၂)ဘီလီယံ ကျော်ခွင့်ပြုချထားပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသစက်အသစ်(၁)လုံးတပ်ဆင်ပေးနိုင်ခဲ့တယ်လို့​သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *